ကျောက်တံခါး စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားသည် စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအား ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်ကာ မြို့နယ်စည်ပင် သာယာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်ပုလင်းလျှင်နှစ်ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ကဲ့သို့ အစီအစဉ် အတိုင်း ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံ ပေးလျက်ရှိရာ လူမှုရေးအသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်းစာရွက်သည် ခရီးသွားလာသည့်အခါ ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံချက်အနေဖြင့် သွားလာရမည်ဖြစ်သည့် အတွက် ဆေးထိုးပြီးသူများ ရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ်တကျ သိမ်းဆည်းကြရန် လိုအပ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
စန်းစန်း