ပဲခူးမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ပဲခူး စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူလူထုအားလုံး၏ လက်ဝယ်တွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်ခန့်က ကမာနက်ကျေးရွာအုပ်စု အတွင်းရှိ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်(၁၆၅) ကတ်ကို ကွင်းဆင်း၍ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်သည် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အ‌ရေး မဆုံးရှုံးစေရေး နိုင်ငံသားဂုဏ်သိက္ခာနှင့် အညီ နေထိုင်နိုင်စေရေး ရည်ရွယ်ချက်ဖြင့်  မေ(၃)ရက်မှ စတင်ကာ အိမ်ထောင်စုစာရင်း မရှိသေးသည့် ပြည်သူများနှင့် အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသည့် ပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးမြို့နယ်အတွင်းရှိ် ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်း (၁၆၂၈) စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၅၃၃၀) လက်ဝယ်အရောက် ထုတ်ပေးခဲ့ပြီးဖြစ်ကာ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ  မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့် ပန်းခင်းစီမံချက်ရဲ့ဆောင်ပုဒ်အတိုင်း နိုင်ငံသား တွေအားလုံးရဲ့လက်ထဲမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်း တွေရရှိအောင် ဥပဒေနှင့် အညီ ဖြေလျှော့မှုများဖြင့် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံသားတစ်ဦး ချင်းစီရဲ့ နိုင်ငံသားအခွင့်အရေး တွေရရှိဖို့ ပြည်သူတွေအနေနဲ့ လိုလိုလားနဲ့ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်က ပြောကြားသည်။

အဆိုပါ ကမာနတ်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ရာ ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဇင်ဝင်းထွန်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် အဖွဲ့ဝင်းတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ဌေးဌေးကြည်

(ခရိုင်ပြန်/ဆက်)