ဝက်လက် သြဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ သည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းလေးတို့က အဖွင့် အမှာစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ရေအသုံးချရေးစီမံခန့်ခွဲမှု မြို့နယ်ဦးစီးမှူး ဦးရန်နိုင်က သဖန်းဆိပ်ဆည်ရေမှ စိုက်ပျိုးရေပေးဝေမှုနှင့် ပတ်သတ်၍လည်းကောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ကျန်းမာရေးမှူး ဒေါ်သင်းသင်းနွယ်က အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်း အမျိုးသမီး များကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံ ပေးမည့် စီမံချက်ကိုလည်းကောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးဘဏ်က စိုက်ပျိုးရေးစရိတ်ချေးငွေထုတ်ချေးမှုအခြေအနေများကိုလည်းကောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေမျိုးနိုင်က ကျေးလက်လမ်း ခင်းပေးမှုအခြေအနေများကို လည်းကောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံး ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင်က သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနေ့ချင်းပြီး ဆောင်ရွက်ပေးမှုအခြေအနေများကိုလည်းကောင်း မြို့နယ်မီးသတ် ဦးစီးဌာန ဦ:စီးအရာရှိက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသ လိုအပ် ချက်များ မေးမြန်းဆွေးနွေးမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တစ်လ လျှင် လဆန်း ၁၅ ရက်နေ့တွင် တစ်ကြိမ် လကုန်ရက်တွင်တစ်ကြိမ် တစ်လလျှင် နှစ်ကြိမ် ဆောင်ရွက်ခြင်းဖြင့် မိမိမြို့နယ်ဒေသဖွံ့ဖြိုးရေးကို လျင်မြန်စွာပေါင်းဆက်ဆောင်ရွက်နိုင်ကြောင်းသိရသည်။ ယနေ့ ညှိနှိုင်းအစည်းအဝေးသို့ လွှတ်တော်ကိုယ်စား လှယ်များ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ၅၆ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဥမ္မာဝင်း (ဝက်လက်)