လာအိုနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၂၀၀ ဦးအား တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေး

တာချီလိတ် စက်တင်ဘာ ၁၂

လာအိုနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၂၀၀ ဦးတို့အား တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ယမန်နေ့တွင်လွှဲပြောင်းပေးလာရာ မြန်မာဘက်မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

ထိုသို့ လာအိုနိုင်ငံမှ လွှဲပြောင်းလာရာတွင် အမျိုးသား ၁၁၉ ဦး ၊ အမျိုးသမီး ၈၁ ဦး၊စုစုပေါင်း ၂၀၀ဦးဖြစ်ပြီး ၎င်းတို့ကို ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးရာ၌ ရောဂါပိုးတွေ့ရှိသူ အမျိုးသား နှစ်ဦး၊အမျိုးသမီး သုံးဦး စုစုပေါင်း ငါးဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သည်။

ယင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများအား တာချီလိတ်မြို့ရှိ ဝမ်လုံးကုသရေးစင်တာတွင် ကျန်းမာရေးစောင့် ရှောက်ပေးလျက်ရှိသည်။

အဆိုပါ ပြန်လည်လွှဲပြောင်းလာသည့် ရွှေ့ပြောင်းအလုပ် သမားများအနက် ရောဂါပိုးမတွေ့ရှိသူ ၁၉၅ဦးအား နှစ်ရက်ထားရှိ၍ ဒုတိယအကြိမ်ထပ်မံစစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိမှသာ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ ဆောင်ပေးသွားမည်ဖြစ်သည်။

ယနေ့တွင် လာအိုနိုင်ငံမှ လွှဲပြောင်းပေးသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှာ (၁၀)ကြိမ်မြောက်လွှဲပြောင်းပေးခြင်းဖြစ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင်များက နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြပြီး သက်ဆိုင်ရာ နေရပ်ဒေသအသီးသီးသို့ ရောက်ရှိနိုင်ရေး လိုအပ်သည်များနှင့် မော်တော်ယာဉ်များအခမဲ့ စီစဉ်ပေးကာ ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)