ပြည်ကြီးမဏ္ဍိုင်မြို့တွင် စျေးရောင်း၊ စျေးဝယ်များ ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များ လိုက်နာမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၁၂

တနသ်ာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် စျေးရောင်းသူ၊ စျေးဝယ်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်သွားလာကြရန် အကြိမ်ကြိမ် အသိပေး နှိုးဆော်မှုအား လိုက်နာမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို တာဝန်ရှိသူများမှ ယမန်နေ့ နံနက် ၈ နာရီ ကလေညာ အရှေ့ရပ်ကွက်နှင့် အနောက်ရပ်ကွက်ရှိ စျေးဆိုင်များတွင် စစ်ဆေးခဲ့သည်။

စစ်ဆေးခြင်းဆောင်ရွက်ရာ၌ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်း၊ အသားငါး၊ အသီးအရွက်နှင့် မုန့်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိသူများ၊ စျေးဝယ်သူများသည် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက် နှင့်အညီ နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်ရန်၊ လက်အိတ်များ အသုံးပြုကြရန်၊ လက်သန့် ဆေးရည်၊ ဆပ်ပြာရည် အသုံးပြု၍ လက်ကို မကြာခဏ ဆေးကြောသန့်စင်ကြရန်၊ စျေးဝယ်သူများ ၆ ပေအကွာမှ နှာခေါင်းစည်း(Mask) တပ်ဆင်ပြီး ဝယ်ယူကြရန်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့စည်ပင် သာယာရေး တာဝန်ခံမှ ပြောကြားသည်။

အဆိုပါရှောင်တခင် စစ်ဆေးခြင်းအဖွဲ့တွင် မြို့စည်ပင်သာယာရေးအဖွဲ့၊ သန္ဓေမီးသတ်၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်မိရပ်ဖများ ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စည်းကမ်းချက်များ လိုက်နာကြရန် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးလွင်(ပြန်/ဆက်)