မအူပင်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကအောက်ဆီဂျင် စက် (၁)စုံ ထောက်ပံ့ပေးပို့

မအူပင် စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ထောက်ပံ့ပေးသည့် XIFY Series PSA Oxygen Generation System Scheme အမျိုးအစား အောက်ဆီဂျင် နှင့် စက်(၁)စုံအား ယနေ့ နံနက် ၁၁ နာရီက မအူပင်ခရိုင်အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ပေးပို့လှူဒါန်းခဲ့သည်။

အဆိုပါပေးပို့လှူဒါန်းသည့် အောက်ဆီဂျင် စက်ရုံအတွင်းသို့ ကရိန်းယာဉ်ဖြင့် ထည့်သွင်း နေရာချထားမှုများ အားဆောင်ရွက်ကြရာသို့ ခရိုင်စီမံခန့်ခွဲရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ  ဦးညီညီထွေး၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး(ယာယီ) ဒုတိယရဲမှူးကြီး အေးလွင်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်နှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ  ဦးတိုးတိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအေးမောင်ချို၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်ဝင်းနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြသည်။

၎င်း အောက်ဆီဂျင် စက်သည် အသုံးပြုရန်(၁)နာရီလျှင် (၄၀)လီတာအသုံးပြုနိုင်သည့် အောက်ဆီဂျင် အိုး (၅)အိုးပါရှိပြီး တစ်နေ့တာအတွက် နာရီ(၂၀)အချိန်အသုံးပြုနိုင်သဖြင့် ပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေးအား အပြည့်အဝ စောင်ရှောက်နိုင်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီးထံမှသိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ် (မအူပင်)