မင်းဘူး စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စာသင်တိုက် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းနှင့် သီလရှင်ကျောင်း တစ်ကျောင်းတို့မှ ဝါတွင်းကာလ သတင်းသုံးနေထိုင်တော်မူကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများအတွက် ဝါတွင်းကာလနှင့် ကိုဗစ်-၁၉ ကာလ ဆွမ်းအခက်ခဲမဖြစ်ပေါ် စေရန်အတွက် ဌာနဆိုင်ရာ များစုပေါင်းပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ကျောင်းတိုက် များသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မင်းဘူးမြို့ပေါ်ရှိ မှန်ကင်းဘုန်းတော်ကြီးကျောင်းနှင့် သုခကာရီ သီလရှင်စာသင် တိုက်တို့ကို ဆန် (၄)အိတ်၊ ဆီ (၅)ပိဿာတစ်ဘူး၊ ကြက်ဥအလုံး(၃၀)ပါ (၅)ကဒ်နှုန်းဖြင့် လည်းကောင်း၊ မင်္ဂလာရာမ ထေရ်ကြီးဝါကြီး ကျောင်းတိုက်နှင့် မဟာဝိသုတာရာမ ဘုန်းတော်ကြီး ကျောင်းတို့ကို ဆန် (၂)အိတ်၊ ဆီ (၃)ပိဿာတစ်ဘူး၊ ကြက်ဥအလုံး (၃၀)ပါ (၃)ကဒ်နှုန်းဖြင့်လည်းကောင်း ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းတိုက်များသို့ သွားရောက် လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အမျှအတမ်းများပေးဝေကာ ကျောင်းတိုက်များမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
အဆိုပါ လှူဒါန်းမှုများမှာ ဝါတွင်းကာလအတွင်း ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ဒုတိယ အကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)