မြိတ်မြို့တွင် ကိုဗစ်ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် အစုအဝေးနေထိုင်လျက်ရှိသည့်နေရာများအား ကိုဗစ်ရောဂါရှိ/မရှိ မိုဘိုင်းစနစ်ဖြင့် လိုက်လံစစ်ဆေးပေး

မြိတ် စက်တင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး၊ ရောဂါကူးစက်မှု မပြန့်ပွားစေရေးအတွက် အစုအဝေးဖြင့် နေထိုင်လျက်ရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ ပရိယတ္တိ စာသင်တိုက်၊ သီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာတို့ရှိ သံဃာတော်များ၊ သီလရှင်များနှင့် သက်ကြီး ဘိုးဘွားများအား ကိုဗစ်ရောဂါရှိ/မရှိကို ယနေ့တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဉီးဆောင်၍ မိုဘိုင်းစနစ်ဖြင့် လိုက်လံစစ်ဆေးပေးလျက်ရှိသည်။

“များများစစ် မြန်မြန်တွေ့ မြန်မြန်ကုသ ဆိုတဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး(ဗဟို) ကော်မတီရဲ့ လမ်းညွှန်ချက် ဖြင့် များများစစ်ဆေး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ရောဂါပိုးစစ်ဆေး တွေ့ရှိသူတွေနဲ့ ရောဂါပိုးမရှိတဲ့သူတွေ ခွဲထုတ်ပြီး မြန်မြန်ကုသမှုပေးခြင်းအားဖြင့် ရောဂါပိုးရှိတဲ့သူတွေ အနေနဲ့လည်း စောစောစီးစီး ဆေးကုသမှုခံယူလို့ရမယ်။ ရောဂါကင်းစင်မှ ၄င်းတို့ရဲ့လုပ်ငန်းတွေ ပုံမှန်အတိုင်း ဆောင်ရွက်နိုင်မှာဖြစ် ပါတယ်” ဟု မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြောသည်။

မြိတ်မြို့နယ်တွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုအနေဖြင့် ဩဂုတ်လအတွင်း ရောဂါပိုးစစ်ဆေးတွေ့ရှိ သူ များပြားခဲ့ပြီး သေဆုံးမှုများလည်းရှိခဲ့ရာ ရောဂါပိုးတွေ့ရှိမှုများပြားသည့် ရပ်ကွက်/ကျေးရွာတို့ကို Hot Spot Area သတ်မှတ်ပြီး RDT Test Kit စစ်ဆေးခြင်း၊ လမ်းပေါ်သွားလာသည့် ပြည်သူများအား ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ယခင်က ရောဂါပိုးရှိ/မရှိစစ်ဆေးသူများ၏ (၄၀)ရာခိုင်နှုန်းကျော်ပိုးတွေ့ရှိခဲ့ရပြီး လက်ရှိအချိန်တွင် ရောဂါပိုးရှိ/မရှိ စစ်ဆေးသူများ၏ (၁၀)ရာခိုင်နှုန်းအောက် လျော့ကျလာခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အစုအဝေးဖြင့် နေထိုင်သည့်နေရာ များအား ရောဂါပိုးရှိ/မရှိကို ဦးစားပေးအစီအစဉ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရေးအတွက် အစုအဝေးဖြင့် နေထိုင်သည့် ဘုန်းတော်ကြီးကျောင်း၊  စာသင်တိုက်များနှင့် သီလရှင်ကျောင်းများကို ဦးစားပေးပြီး မိုးဘိုင်းစနစ်ဖြင့် RDT Test Kit ဖြင့် လိုက်လံ စစ်ဆေးပေးလျက်ရှိသည့်နည်းတူ မြို့အဝင်အထွက်နေရာဖြစ်သည့် ကျောက်ဖြူတောင် စစ်ဆေးရေးဂိတ်နှင့် ဆိပ်ခံတံတားများတွင်လည်း စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း၊ မြိတ်မြို့နယ်၌ ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ပွားပြီး ရောဂါ ပိုးစစ်ဆေးတွေ့ရှိသူ စက်တင်ဘာလ(၉)ရက်အထိ (၁၇၉၀)ဦးရှိခဲ့ ကြောင်း၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူပြီး ပြန်လည်ကျန်းမာ၍ ဆေးရုံဆင်းသူ(၁၄၄၂) ဦးရှိ၍ ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ(၁၆၈)ဦးရှိကာ သေဆုံးသူ (၁၈၀)ဦးရှိခဲ့ကြောင်း သိရသည်။

ခိုင်ထူး (မြိတ်)