ကျောက်ဖြူ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အုန်းတောအုပ်စု အခြေခံပညာမူလတန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများတွင် နေထိုင်သည့် ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် ယနေ့၊ နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဝန်ထမ်းများကသွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မွေးရာပါ နိုင်ငံသားနှင့်ဥပဒေအရ နိုင်ငံသားများ အား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းရရှိရေး၊ ကိုင်ဆောင်သင့်သောကတ်တစ် မျိုးမျိုးကို ရရှိရေးရည်ရွယ်ကာ ကျေးရွာများအရောက်ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးနှင့် ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များသို့ လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်နုနုရီ ဦးဆောင်၍ ဝန်ထမ်းများက ကျေးရွာများသို့ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ အုန်းတောကျေးရွာနေ ပြည်သူ များအား အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်လာသူ (၁၇)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား လဲလှယ်/မိတ္တူ (၂၆)ဦးနှင့် အိမ်ထောင်စု (၇၁)စု ပြုလုပ်ပေးခဲ့သည်။
ကျောက်ဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ယနေ့အထိဆောင်ရွက်ပြီးစီးမှုမှာ အသက်(၁၆-၁၈) နှစ်ကြား (၆၁၄)ဦး၊ အသက် (၁၈)နှစ်အထက် (၈၈၆)ဦး စုစုပေါင်း (၁၅၀၀)ဦးအား ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှသိရသည်။
ဖြိုးဝေလင်း