မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုင်းယောင်း စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၀ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ရပ်ကွက်နှင့် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည် အဖြစ် သွားရောက်ခြင်း လုံးဝမပြုပါနှင့်၊ အိမ်တွင် အသက် ၆၅ နှစ်နှင့်အထက် အသက် အရွယ်ကြီးရင့်သူ (သို့မဟုတ်) ဆီးချို၊ သွေးချို၊ နှလုံး စသည့် နာတာရှည် ရောဂါတစ်ခုခု ခံစား နေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို တပ်ဆင်ထားစေပါ၊ လေဝင် လေထွက် ကောင်းသည့်နေရာတွင် နေစေပါ၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်ပါ၊ လက်ကို စနစ်တကျဆေးကြောပါ၊ အခြားသူ များနှင့် ခြောက်ပေအကွာ ခပ်ခွာခွာနေပါ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ပါ၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ် ခန့်သာ ဈေးဝယ်ယူပါ၊ ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်း မရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်၊ အပြင်ထွက်ရာမှ အိမ်ပြန်ရောက်သော အခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင်လာခြင်း မရှိစေရန် သတိပြုပါ၊ အသုံးပြုပြီးသော ပါးစပ်နှင့် နှာခေါင်းစည်း(Mask)နှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ပါ၊ အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ အလှည့်ကျရရှိသော ကာကွယ်ဆေးသည် မိမိအတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူ ပါ၊ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှုပညာရပ်များဖြင့် စနစ်တကျ ပါဝင်ပူးပေါင်းပံ့ပိုး ပေးကြပါရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေးပန်ကြားချက်ကို တိုက်တွန်းနှိုးဆော်ခဲ့သည်။

ထို့ပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်နှင့် ကျေးရွာများ တွင်လည်း ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့မှ အသံချဲ့စက်ဖြင့် နေ့စဉ် တိုက်တွန်း နှိုးဆော်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)