ဖြူးမြို့နယ် မြို့မအနောက်ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးလျက်ရှိ

 
     
 

ဖြူး စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများ များပြားလာသည့် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ် တွင် အကျုံးဝင်ကြောင်း သတ်မှတ်ဆဲကာလ ဖြစ်နေသေးပြီး ရောဂါတားဆီးကာကွယ်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး RDT Test Kit ဖြင့် ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီအချိန်က စတင်ကာ မြို့မအနောက် ရပ်ကွက်အတွင်းရှိ ပြည်သူ များအား မြို့မ(၁)အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် မြို့မ(၂)အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)တို့တွင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ထိုသို့ဆောင်ရွက်ပေးရာတွင် ဩဂုတ်လ(၃၁)ရက်နေ့ကစတင်ကာ ရွေ့လျား မော်တော်ယာဉ်ဖြင့် စုရပ်နေရာများ သတ်မှတ်ကာ RDT Test Kit ဖြင့် ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေး လျက်ရှိရာ အဆိုပါနေ့က မြို့မအနောက်ရပ်ကွက်အတွင်း ပြည်သူ(၄၀၀)ဦးကျော်ခန့်ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လမ်းညွှန်ချက်များနှင့်အညီ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၌ စက်တင်ဘာလ (၉)ရက်အထိ ရောဂါပိုး စစ်ဆေးတွေ့ရှိ၍  အတည်ပြုလူနာ (၁၂၆၀)ဦး၊ သေဆုံးသူမှာ(၇၂)ဦးအထိ ရှိနေကြောင်း လက်ရှိအခြေအနေအရ ဆေးကုသရေး Center တွင် (၈၃)ဦး၊ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းသူ(၁၁၀၄)ဦးရှိနေကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

ဖြူး (ပြန်/ဆက်)