မင်္ဂလာဒုံ စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမှုများ၊ အသက်(၅၅)နှစ်မှ (၆၅)နှစ်အတွင်းရှိသူများအာ ကာကွယ်ဆေး ဆက်လက် ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက် နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက် ပေးလျက် ရှိသည်။
အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန်၊ မိမိတို့နေအိမ် အတွင်းမှာသာ နေထိုင်ပေးကြရန်၊ ဧည့်သည်လက်ခံခြင်း မပြုရန်၊ မိမိတို့ အနေဖြင့်လည်း တခြားအိမ်များ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အပြင်ထွက်ချိန်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ကို စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူစုလူဝေးနှင့် ဈေးဝယ်ထွက်ခြင်းများ ရှောင်ကြဉ်ရန်၊ မိမိတွင် ကိုဗစ်-၁၉ရောဂါ လက္ခဏာများ ပြသလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ် ပြသကြရန်တို့ကို အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် စာရင်းပေးရမည့်သူများထံ၌ စာရင်းပေးသွင်းပြီး ဆေးထိုးပေးမည့် နေ့ရက်နှင့် သတ်မှတ်စုရပ်များတွင် ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း၊ ဆက်လက်၍ အသက်(၅၅)နှစ်မှ (၆၅)နှစ်အတွင်းရှိ ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်း ပေးသွင်းနိုင်ရေး အသိပေးနှိုးဆော်ခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများက ဒုတိယအကြိမ်ကို သတ်မှတ်ရက်များအလိုက် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးသူများ အနေဖြင့်လည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ သွားလာနေထိုင်နိုင်ရေး သတိပြုလိုက်နာဆောင်ရွက်ရေးတို့ကို ပြည်သူများ သိရှိနေစေရန် အသိပညာပေး နှိုးဆော်ပြီး ပြည်သူများက ပူးပေါင်းဆောင်ရွက်မှသာ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း လာမည်ဖြစ်သည့်အတွက် ပြည်သူများမှ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို တိုက်တွန်း နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ပရဟိတ အဖွဲ့များ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)