အုတ်တွင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ရိုးသစ်သားတံတား(ဟောင်း) ရေစီး နောက် မျောပါ ပျက်စီး

အုတ်တွင်း စက်တင်ဘာ ၉

 

 

တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝဲဒေါင့်ကျေးရွာအုပ်စုနှင့် တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ အုပ်စုကြား ခပေါင်းချောင်းပေါ်တွင် ဆောက်လုပ်ထားသောနောင်ရိုး သစ်သားတံတားအရှည် ၃၆၄ပေ (၂၈'၊၁၃ခန်း)ရှိ သစ်သားတံတားသည် ၁၉၉၅ခုနှစ်ကတည်းက ကိုယ်ထူကိုယ် ထဆောင်ရွက်ထားသော သစ်သားတံတားဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ည ၈ နာရီခွဲ အချိန်တွင် ချောင်းရေစတင်တက်လာပြီး ည(၁၂) နာရီခွဲ အချိန်ခန့်က ရေလည်ခန်းဖွင့် (၅)ခန်းရေစီး နောက်သို့ မျောပါသွားကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ရေစီးနောက်မျောပါသွားသည့် သစ်သားတံတား (ဟောင်း)နှင့် ယှဉ်လျက် အသစ်ထပ်မံ တည်ဆောက်ထားသည့် နောင်ရိုးကွန်ကရစ် တံတားသစ်အား ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တံတား အထူးအဖွဲ့ (၁၀) မှ တာဝန်ယူတည်ဆောက်ထားကာ ချောသတ်လုပ်ငန်းများအား ပြီးစီးအောင် ဆောင်ရွက်ထားလျက်ရှိကြောင်း တံတား၏ ချဉ်းကပ်လမ်းအား မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ထားလျှက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လမ်းကြောင်းပြတ်တောက်မှု မရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

၎င်းရေစီးနောက်မျောပါ ပျက်စီးသွားသည့် သစ်သားတံတား (ဟောင်း)နှင့် ပတ်သက်၍ လူနှင့် တိရိစ္ဆာန်များ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် လက်ရှိအချိန်တွင် လမ်းကြောင်း ပြတ်တောက်မှု မရှိပါကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

 

 

ခင်ခင်မာ (အုတ်တွင်း)