ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ ယနေ့အထိ (၅၃၂၁) ဦး ရှိပြီဖြစ်

 

ပွင့်ဖြူ      စက်တင်ဘာ       ၉

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက်  ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ ၅၃၂၁  ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။  

 

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် အသက်အရွယ်ကြီးရင့်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် သွားလာရေး အခက်အခဲရှိသော ပြည်သူများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူများ အဆင်ပြေစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် Volunteer အဖွဲ့ဝင် များက လိုအပ်သည်များကို နေ့စဉ် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ ကာကွယ်ဆေး လာရောက် ထိုးနှံသူ (၁၅၅)ဦး ရှိကြောင်း သိရသည်။   

 

ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ ၊ သံဃာတော်များနှင့် သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ ၊ အခြား ပုဂ္ဂလိကမှ ဝန်ထမ်းများ ၊ ဟိုတယ်မိုတယ်မှ ဝန်ထမ်းများ ၊ အကျဉ်း/အချုပ်သားများ ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ ၊  Volunteer အဖွဲ့ဝင်များ ၊ ဈေးသည်များနှင့် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများကို ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းဦးရေ ၆၀၉၂ ဦး လာ‌ရောက်ထိုးနှံခဲ့ကြောင်း သိရသည်။ အဆိုပါ ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံခဲ့သူများကို ယခု ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ဩဂုတ်(၂၉)ရက်နေ့မှ ယနေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ စုစုပေါင်း (၅၃၂၁) ဦး ရှိပြီဖြစ်ကြောင်းနှင့် ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများအား စက်တင်ဘာ(၁၀)ရက်နေ့အပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။ 

 

ရဲဝင်းနိုင် ( ညောင်ဦး )