သာယာဝတီမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

သာယာဝတီ     စက်တင်ဘာ  ၉

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသား အရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ညောင်ကောက်ကွေး ကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းထူးနှင့် ဝန်ထမ်းများက  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

 

ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိ ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး၊ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုများကို မြိုနယ်အတွင်းရှိပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်အတွက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ရပ်ကွက်များအတွင်း လှည့်လည်ကြေညာပေးခြင်း၊ လူစည်ကားရာနေရာများတွင် ပန်းခင်းစီမံချက် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း စသည့် အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေး လျက်ရှိသည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ သာယာဝတီခရိုင် လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မိုးမိုးအေး တို့ပါ လိုက်ပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)