ကျောက်ပန်းတောင်း စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပ လေ့ရှိသော ဘိုးတော်အောင်မင်းခေါင် ထွက်ပွဲ/အောင်ပွဲကြီးအား၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ တားမြစ် ကန့်သတ် ချက်များကြောင့် ကျင်းပနိုင်မည် မဟုတ်ကြောင်း တောင်ကလပ်ဂေါပကအဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။
မြန်မာပြည်အလယ်ပိုင်းဒေသ ရှိ ပုပ္ပားတောင်ကလပ်တွင် ဘိုးတော်အောင်မင်းခေါင် ထွက်ပွဲ/အောင်ပွဲကို မြန်မာပြည် အရပ်ရပ်မှ ယုံကြည်ကိုးကွယ်ဆည်းကပ်သူများဖြင့် နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိရာ၊ ယခုနှစ်တွင် (၆၉)ကြိမ် မြောက် အဖြစ်ကျင်းပရန်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များဖြေလျှော့နိုင်ခြင်းမရှိသေး သဖြင့် ကျင်းပသွားရန်မရှိကြောင်းသိရသည်။ “ ကျွန်တော်တို့ ဒီနှစ်လည်း ဘိုးတော်ထွက်ပွဲ/အောင်ပွဲကို ကျင်းပဖြစ်ဖို့မရှိပါဘူး ဗျ…။ ဘာလို့ဆို... ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကလည်း မဖြေလျှော့သေး…ပွဲလမ်း သဘင်ကျင်းပခွင့်တွေလည်းမရသေးဆိုတော့ လူစုလူဝေးမဖြစ်အောင် ဒီနှစ်လည်း ကျင်းပခွင့်မပြုသေးပါဘူး….မနှစ်က(၆၈) ကြိမ်မြောက်မှာလည်း ကျင်းပခွင့်မပြုခဲ့ပါဘူး…အခုနှစ်ကောဆိုရင်တော့ (၂)နှစ်ရှိပြီပေါ့ဗျာ…။ ဘိုးတော်ကို ယုံကြည်ကိုးကွယ် သူတွေကတော့ ဘာဖြစ်ဖြစ်လာချင်ကြမှာပါဘဲ…ကိုယ့်အဓိဌာန်နဲ့ကိုယ်ဆိုတော့လေ…ဒါပေမဲ့ ကျွန်တော်တို့က ခွင့်မပြုပါဘူး ဆိုင်တွေအားလုံးလည်း ဖွင့်ခွင့်မပြုပါဘူးဗျ…လက်လုပ် လက်စား အထမ်းသမားတွေ…ဈေးသည်တွေကတော့ နစ်နာကြတာ ပေါ့ဗျာ…ဒါပေမဲ့.. ကပ်ရောဂါထက်ပိုပြီး ကြောက်စရာကောင်းတာကမရှိဘူးလေ…ဒါ့ကြောင့် မကျင်းပဖြစ်တာပါ…” ဟု တောင်ကလပ်ဂေါပက အဖွဲ့အတွင်းရေးမှူးဖြစ်သူ ဦးဌေးမြင့်(သာသနာ့ရကိ္ခတ)ကပြောပါသည်။ ဘိုးတော်အောင်မင်းခေါင် ထွက်ပွဲ/အောင်ပွဲကို နှစ်စဉ်နှစ်တိုင်း တော်သလင်းလပြည့်ကျော်(၂)ရက်နေ့တွင် ကျင်းပလေ့ရှိရာ၊ မြန်မာပြည်အရပ်ရပ်ရှိ ယုံကြည် ကိုးကွယ်သူများက တော်သလင်းလဆန်း(၁၂)ရက်နေ့ခန့်မှစတင်၍ တစ်ဦးချင်းသော် လည်း ကောင်း၊ အစုအဖွဲ့လိုက် သော်လည်းကောင်း၊ မိသားစုလိုက်သော်လည်းကောင်း ကြိုတင်ရောက်ရှိလာလေ့ရှိ ကြပြီး၊ အဓိဌာန်ဝင်ခြင်း၊ ကုသိုလ်ပြုခြင်း များကို ဆောင်ရွက်လေ့ရှိကြကြောင်းနှင့် တော်သလင်းလပြည့်ကျော်(၂)ရက်နေ့ ညနေ (၄)နာရီ(၁၅)မိနစ်တွင် ဘိုးတော် အောင်မင်းခေါင် ထွက်ပွဲ/အောင်ပွဲအဖြစ် အောင်စည်အောင်မောင်းတီးခတ်ခြင်း၊ အိုးစည်ဗုံ မောင်းများဖြင့်ကခုန်ခြင်း၊ ရွှေမိုး/ ငွေမိုး ရွာသွန်းခြင်းနှင့်စတုဓိသာကျွေးမွေးခြင်းများကို ဆောင်ရွက်ကြကာ တစ်နှစ်တာ ပွဲ တော် ပြီးဆုံးကြကြောင်း ဒေသခံ တစ်ဦးကပြောပါသည်။
အဆိုပါ ဘိုးတော်အောင်မင်းခေါင် ထွက်ပွဲ/အောင်ပွဲကျင်းပသည့် နှစ်များတွင် တော်သလင်းဆန်းမှစ၍ ပွဲပြီးဆုံးချိန် အထိ ဒေသတွင်း ခေါင်းရွက်ဗျတ်ထိုးဈေးသည်များ၊ အထမ်းသမားလုပ်သားများ၊ အုန်း/ငှက်ပျောရောင်းချသူများ၊ မျောက်စာ ရောင်းချသူ များနှင့်ဆိုင်ကယ် ကယ်ရီသမားများမှာ နေ့စဉ်ဝင်ငွေရရှိသဖြင့်၊ လူမှုစီးပွားအစဉ်ပြေ လေ့ရှိကြကြောင်း
နေအောင်(ပြန်/ဆက်)