မုံရွာ စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ၁၃ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ရန်ပုံငွေ ကျပ်သိန်း (၁၃၀၀)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာနမှ သိရသည်။
၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀)နှုန်းဖြင့် ကျေးရွာ၁၃ရွာရှိ VDP စီမံကိန်းများကို ယခုနှစ် မေလပထမပတ်မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဩဂုတ်လနောက်ဆုံးပတ်တွင် လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးVDP ရန်ပုံငွေ ဖြင့် မင်္ဂလာကုန်း၊ ရွာတုံတောင်ရွာ၊ ခံတက္ကန်(တ)၊ မြေနဲ၊ ကျောင်းရွာ၊ ရွာသစ်၊ ပမဲတော၊ အင်တိုင်း၊ ပလ္လင်(တ)၊ မရိုးတောအစရှိသည့် ကျေးရွာ(၁၀)ရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ ရွာထောင်၊ ဆုံကုန်းကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းကိုလည်းကောင်း၊ ကူတောပလ္လင် ကျေးရွာတွင် ကျေးရွာတွင်းလမ်းကွန်ကရစ်လုပ်ငန်းနှင့် ကွန်ကရစ်ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းကို လည်းကောင်း ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“(VDP)စီမံကိန်းက ကျေးရွာသူ/သားတွေအနေနဲ့ ကိုယ့်ကျေးရွာဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကလိုအပ်နေတဲ့ လုပ်ငန်းစီမံကိန်းတွေကို ကိုယ်တိုင်ရေးဆွဲပြီးတော့ ရွာသူရွာသားတွေ ကိုယ်တိုင် ညီညီညွတ်ညွတ်နဲ့ အောင်မြင် အောင် ဆောင်ရွက်ရတာဖြစ်တဲ့အတွက်(VDP)စီမံကိန်းရရှိတဲ့ ကျေးရွာတွေဟာ အခြားရွာနဲ့မတူဘဲ ပိုပြီးဖွံ့ဖြိုးလာ တာတွေ့ရတယ်၊ ဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Plan)ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်မှစတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၂၀၁၉ -၂၀၂၀ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း (၃၆)ရွာမှာ စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးကပြောသည်။
ထိန်လင်း-မုံရွာ