မင်းဘူး(စကု)မြို့နယ် ကျောင်းကုန်းကျေးရွာမှ နှစ်ပေါင်း ၁၀၀ကျော်ရှိ ကိုးတောင်ပြည့် စေတီတော် ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီး

 

 

မင်းဘူး စက်တင်ဘာ ၉

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ သနပ်ပင်စုအုပ်စု၊ ကျောင်းကုန်း ကျေးရွာ၌ တည်ထား ကိုးကွယ်လျက်ရှိသော နှစ်ပေါင်း ၁၀၀ကျော်ရှိ ကိုးတောင်ပြည့်စေတီတော်သည် ယမန်နေ့ နံနက်ပိုင်းက ကမ်းပြိုဘေးသင့်၍ ပြိုကျ ပျက်စီးသွားကြောင်း အဆိုပါကျေးရွာနေ ပြည်သူများထံမှ သိရသည်။

 

အဆိုပါ စေတီတော်သည် ဉာဏ်တော်အားဖြင့် ကိုးတောင်ရှိပြီး ကျောင်းကုန်းကျေးရွာ စတင် တည်ရှိစဉ်ကပင် အစဉ်အဆက် တည်ထားကိုးကွယ်ခဲ့သည့် စေတီတော်တစ်ဆူဖြစ်ကြောင်း၊ စက်တင်ဘာ ၄ ရက်နေ့က စေတီတော် အလယ်အောက် ကြမ်းခင်းမှ စတင်အက်ကွဲစပြုလာကာ ယမန်နေ့တွင် ဧရာဝတီ မြစ်ကမ်းပါးပြိုကျမှုကြောင့် (ဒေသအခေါ်) ညောင်ခြေထောက် ဆိပ်ကမ်း၌ မြစ်ထဲပြိုကျသွားကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။

 

အဆိုပါ ကိုးတောင်ပြည့်စေတီတော် ပြိုကျပျက်စီးခဲ့သည့်အတွက် ရွာသူ/ရွာသားများအားလုံး ညှိနှိုင်းတိုင်ပင်ပြီး ရန်ပုံငွေနှင့် မြေနေရာရှာမည်ဖြစ်ကြောင်း၊ မြစ်ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်တူးဖော် ဆယ်ယူရရှိပါက ဘေးလွတ်ရာနေရာ၌ ဌာပနာတည်၍ စုပေါင်းပြီး အသစ်ပြန်လည်တည်ထားကိုးကွယ် သွားမည်ဖြစ်ကြောင်း၊ ကျောင်းကုန်းကျေးရွာ ရွာခွဲတာဝန်ခံ ဦးညွန့်ရွှေက ပြောသည်။

 

ကျောင်းကုန်းကျေးရွာရှိ ရွာသူ/ရွာသားများက နှစ်ပေါင်းများစွာ တည်ထားကိုးကွယ်လာခဲ့သော ဘုရားဖြစ်သည့်အတွက် ယခုလိုပြိုကျပျက်စီးသွားသဖြင့် ဒေသခံများအနေဖြင့် အတော်လေး စိတ်မ ကောင်းဖြစ်ကြကြောင်း၊ စေတီတော်အနီးရှိ ညောင်ခြေထောက်ပင်မှာလည်း သက်တမ်းအားဖြင့် နှစ်ပေါင်းတစ်ရာကျော်ရှိပြီဖြစ်ကာ ယခုအခါ မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုများကြောင့် ဧရာဝတီမြစ်ကမ်းပါးနှင့် အလွန်ပင်နီးကပ်လာပြီး ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)