ပွင့်ဖြူ စက်တင်ဘာ ၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့ကယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ရာ၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးညွန့်ဝင်းထူး က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းစနစ်များ ၊ နိုင်ငံသားစိစစ်ရေးကတ် ပြား ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူ(၅၀)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်လိုသော အိမ်ထောင်စု(၂၀)တို့အား ပန်းခင်းစီမံချက်ဖြင့် အထောက်အထားများ စိစစ်၍ နေ့ချင်းပြီး အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကပ်ရောဂါကျရောက်နေ သည့်ကာလဖြစ်သော်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်လိုသော ဒေသခံပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ ပြုလုပ်နိုင်စေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ နေ့စဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သွားလာရေးအခက်အခဲဖြစ်သော ကျေးရွာများအား ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က ပြောပြ၍ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )