ငဖဲ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးနှမ်းများကိုစတင်ရိတ်သိမ်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက မာန်အောင်ကျေးရွာမှ တောင်သူ ဦးကျော်လင်းဌေး၏ ယာမြေတစ်ဧကတွင်လည်း မိုးနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါယာမြေတစ်ဧကတွင် စမုံနက်နှမ်းမျိုးကို ဇွန်လဆန်းမှာ စတင်ထွန်ယက်စိုက်ပျိုးခဲ့ပြီး အပင်ဖြစ်ထွန်းချိန် စိုက်ပျိုးပြီး ၄၅ ရက်သားမှာ မိုးရေချိန် ၄လက်မနှင့် အပင်ရက်သား ၅၀ မှ ၇၅ ရက်အတွင်း မိုးရေချိန် ၈လက်မခန့် ရွာသွန်းခဲ့တဲ့အတွက် မိုးနှမ်းများအောင်မြင်ကြောင်း၊ ယခုနှမ်းပင်များကို အပင်ရက်သား ၉၀ မှာရိတ်သိမ်းခြင်းဖြစ်ကြောင်း၊ တော်သလင်းလအပူချိန်မြင့်သည့်အချိန် နှမ်းရိတ်သိမ်းမှ အဆင်ပြေကြောင်း၊ သြဂုတ်လ ၁၆ ရက်နေ့က ၃ ရက်ဆက်တိုက်ရွာသွန်းခဲ့တဲ့မိုးကြောင့် နှမ်းသီးလုံးရေရပြီး နှမ်းများအောင်မြင်ဖြစ် ထွန်းကြောင်း၊ နှမ်းရိတ်သိမ်းခအဖြစ် လူတစ်ဦးလျင် တရက် ၆၀၀၀ နှုန်းပေးရကြောင်း၊ နှမ်းများအောင်မြင်ဖြစ်ထွန်းပါက တစ်ဧက ကို ၁၅ တင်းအထိထွက်ရှိကြောင်း၊ ယခုနှစ် စမုံနက်နှမ်းစျေးက တစ်တင်းကို ငွေကျပ် ၄၅၀၀၀ မှ ၅၂၀၀၀ ကြားရှိနေပြီး ယခုထက်စျေးကောင်းရရှိရန်မျှော်လင့်ကြောင်း မာန်အောင်ကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးကျော်လင်းထွန်း က ပြောကြားသည်။
ငဖဲမြို့နယ်အတွင်းရှိတောင်သူများက မိုးနှမ်းမျိုးများအဖြစ် စမုံနက်နှင့် နှမ်းနီမျိုးများကို အများဆုံး စိုက်ပျိုးကြကာ ၂၀၂၁ ခုနှစ် မိုးနှမ်းစိုက်ဧကအနေဖြင့်စမုံနက် (၂၅၉၂) ဧက၊ မကွေးနှမ်းဖြူ (၂၁)ဧက၊ နှမ်းနီ (၂၅ /၁၆၀) (၃၃၇၀)ဧက နှင့် ဆင်းရတနာ -၃ (၁၅၂၆)ဧက စုစုပေါင်း မိုးနှမ်းစိုက်ဧက (၇၅၀၉) ဧကရှိကြောင်း သိရသည်။
မယု (ငဖဲ)