ပွင့်ဖြူ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များက နေ့စဉ် မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး အခမဲ့ ရှာဖွေစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ ၈၀၀ အထိ ရှိပြီဖြစ်ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၆၈၄ ဦး ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် နေရပ်ပြန်လာသူများ ၊ ကိုဗစ်ပိုးတွေ့ရှိသူနှင့် ထိစပ်မှုရှိသူများ ၊ ရောဂါလက္ခဏာ သံသယရှိသူ များကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ဦးဆောင်ကာ ရပ်ကွက်နှင့် ကျေးရွာများအရောက် သွားရောက်ပြီး မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် RDT ( Test Kits ) ဖြင့် အခမဲ့ ကျန်းမာရေးစစ်ဆေးခြင်းများ နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင်လည်း ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ရှိ/မရှိ ရှာဖွေစစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ရှာဖွေစစ်ဆေးရာ၌ ပိုးတွေ့အတည်ပြု လူနာများ တွေ့ရှိလာပါက မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းက လိုအပ်သော ကျန်းမာရေးဆေး ကုသမှုများ ဆောင်ရွက်ရန်အတွက် မြို့နယ်တွင် စီစဉ်ထားရှိသော ယာယီဆေးကုသဆောင် (Treament Centre)များသို့ ကူညီပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဇွန်လ ၂၉ ရက်နေ့မှ ယနေ့အထိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၈၀၀ ဦး ရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၆၈၄ ဦး ၊ ဆေးဝါးကုသမှုခံယူနေဆဲ ပိုးတွေ့အတည်ပြုလူနာ ၇၁ ဦး ၊ သေဆုံးသူ (၄၅) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )