မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့ သက်မွေးပညာသင်တန်းကျောင်း တည်ဆောက်ရေးစီမံကိန်းနှင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုကြည့်ရှုစစ်ဆေး

မုဒုံ      စက်တင်ဘာ   ၉

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန် ရှိသူများနှင့် အတူ ယမန်နေ့ မွန်းလွဲ၃ နာရီက မုဒုံမြို့ မြို့မ(၄)ရပ်ကွက်၌ မြေဧရိယာ၂၅ ဒဿမ ၅၇ ဧကတွင်  တည်ဆောက်လျက်ရှိသော   နည်းပညာသက်မွေးပညာနှင့်      လေ့ကျင့်ရေးဦးစီးဌာန သက်မွေးပညာ သင်တန်း ကျောင်း(မုဒုံ) တည်ဆောက်ရေးစီမံကိန်းသို့ရောက်ရှိပြီး ပင်မ ၃ထပ်စာသင်ဆောင်  ဆောက်လုပ်နေမှုနှင့် Steel Structure Workshop အလုပ်ရုံ တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်၊၊

ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်အား အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ကြီး ဒေါက်တာ ဖြိုးဝေလင်းက   ပင်မစာသင်ဆောင်   သံကူကွန်ကရစ် ၃ ထပ် အဆောက်အဦနှင့် Steel Structure  Workshop ၁ ထပ်   အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု ၊   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေခွဲဝေ ချထားမှု အခြေအနေများ ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကစံချိန်၊စံညွှန်း ပြည့်မီရေး၊ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး  ရေနုတ်မြောင်းစနစ်တကျ ထားရှိပြီး ရေစီး၊ ရေလာကောင်းမွန်ရေးတို့ မှာကြားသည်၊၊

အဆိုပါ သက်မွေးပညာသင်တန်းကျောင်း(မုဒုံ)တည်ဆောက်ရေးစီမံကိန်းသည် သိပ္ပံနှင့်နည်း ပညာဝန်ကြီး ဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ပြည်နယ်အတွင်းလိုအပ်သော ကျွမ်းကျင်ပညာရှင်များမွေးထုတ်ပေးနိုင်ရန်၊ SME လုပ်ငန်းများနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  အလုပ်အကိုင် အခွင့်အလမ်းများ   သင်ယူရာတွင် များစွာအထောက်အကူပြုနိုင်မည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်၊၊

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   မုဒုံမြို့  ဝင်းစိန်တောရကျောင်းတိုက်ဝင်း အတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံသို့ရောက်ရှိပြီး တာဝန်ရှိသူက အောက်စီဂျင် စက်ရုံ တည်ဆောက်ပြီးစီးမှုနှင့် အောက်စီဂျင်စက်ရောက်ရှိမှု အခြေအနေကို  ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ် က  စက်ရုံ လေဝင်၊ လေထွက်ကောင်းမွန်ရေး၊ စက်ရုံအဝင်လမ်း  ကွန်ကရစ်ခင်း ဆောင်ရွက်ရန်၊ စက်ရုံလုံခြုံရေးနှင့်မီးဘေးအန္တရာယ်ကင်းဝေးစေရေးအလေးထား ဆောင်ရွက်ကြရန်  လမ်းညွှန်မှာကြားကြောင်း သိရသည်။  

အောင်မျိုးသူ