ပေါက် စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈) နှစ်အ ထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ ကာကွယ် ဆေးလာရောက်ထိုးနှံသူဦးရေ (၁၂၀) ဦး ရှိကြောင်း ပေါက်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးမှ သိရသည်။
ပေါက်မြို့နယ်တွင် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် ပေါက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်စကားခန်းမ၌ ဆေးထိုးစုရပ်အဖြစ် ပြင်ဆင်ဆောင်ရွက်ထားရှိ၍ ထိုးနှံပေးလျက်ရှိပြီး အဆိုပါဆေးထိုး စုရပ်တွင် ယနေ့ ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ ၁၂၀ ဦး ရှိကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးပြီး လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးကာ ဆေးထိုးပြီးကြောင်း လက်မှတ်များ ပေးအပ် ခဲ့ကြသည်။
ပေါက်မြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးခြင်းကို အသက်(၆၅)နှစ်နှင့် အထက် အသက် အရွယ် ကြီးရင့်သူများ၊ သံဃာတော်များနှင့် သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အခြားပုဂ္ဂလိကမှ ဝန် ထမ်း များ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများ၊ Volunteer အဖွဲ့ဝင်များ၊ ဈေးသည်များနှင့် အသက်(၁၈)နှစ် အထက်ရှိ ပြည်သူများကို ကာ ကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းလူ ဦးရေ ၄၁၀၀ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရပြီး အဆိုပါ ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာ ကွယ်ဆေး လာရောက်ထိုးနှံခဲ့သူများကို ယခု ဒုတိယအကြိမ် ထိုးနှံပေး ခြင်းဖြစ်ကာ ဩဂုတ်(၂၉)ရက်နေ့မှ ယနေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ စုစုပေါင်း (၃၅၃၀) ဦး ရှိပြီဖြစ်ကြောင်း ပေါက်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထံမှ သိရသည်။
ဉာဏ်တိုး