ငါးသိုင်းချောင်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ငါးသိုင်းချောင်းမြို့၊ ငဝန်ရေကာတာရှိ ဗောဓိရေကင်းစခန်းသို့ ယနေ့နံနက်ပိုင်းကရောက်ရှိခဲ့ပြီး မြစ်ရေအခြေအနေ၊ ရေကာတာ ကြံ့ခိုင်မှုအခြေအနေနှင့် ရေဘေး ကြိုတင်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ပုသိမ်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆေးရုံတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ(၅၀)စုံ၊ လက်အိတ်အစုံ(၂၀၀)နှင့် Face Mask အစုံ(၂၀၀)တို့ကို ပေးအပ်လှူဒါန်းရာ ရေကြည်မြို့နယ်ဆရာဝန် ဒေါက်တာအေးအေးလင်းက လက်ခံရယူခဲ့ပြီး၊ ဆေးရုံ ဝန်ထမ်းများသို့ တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။
ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ရေသည် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ယနေ့ နံနက် တိုင်းထွာချက် အရ (၂၈.၃၀)ပေ၊ ရေကာတာစိုးရိမ်ရေအမှတ် အထက် (၃)လက်မခန့် ကျော်လွန်လျက်ရှိကြောင်း သိရပြီး ရေကာတာကြံ့ခိုင်မှု အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်းနှင့် စိုးရိမ်ရသော အခြေအနေတွင် မရှိသေးကြောင်းသိရှိရသည်။
ဝတီလွင်(ပြန်/ဆက်)