ကျုံပျော် စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက်၊ အင်းရဲလမ်းရှိ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်သို့ ယနေ့နံနက်(၁၀)နာရီက ရောက်ရှိပြီး မြို့နယ်အတွင်း ဝါကပ်သီတင်း သုံးတော်မူသော သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဝေဠုဝန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣဒ္ဓိဉာဏာဘိဝံသနှင့် သံဃာတော်များ ထံသို့ နေ့ဆွမ်း ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်တစ်ပါးချင်းထံသို့ တန်းဆွမ်းများ ဆက်ကပ်လောင်းလှူကြသည်။ ထို့နောက် လှူဒါန်းပွဲအခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်များထံမှ ပရိတ်တရားတော်ကို နာယူကြည်ညိုကြကာ ဝန်ကြီးချုပ်က ယခုလှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ဆရာတော် အရှင်သူမြတ်များထံသို့ လျှောက်ထားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် အရှင်သူမြတ်များထံသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တဣဒ္ဓိဉာဏာဘိဝံသထံမှ အနုမောဒနာတရား နာကြားကြကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယနေ့ လှူဒါန်းပစ္စည်းများမှာ ဆွမ်းဆန်တော်(၁၈၃)အိတ်၊ ဆီ(၂၆၄)ပိဿာ၊ ကြက်သွန်နီ (၅၈၀)ပိဿာ၊ ကုလား ပဲ(၅၃၈)ပိဿာ၊ ဆား(၇၈)ထုပ်တို့ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက စုပေါင်း လှူဒါန်းခြင်းဖြစ်ကာ ကျုံပျော်မြို့နယ် အတွင်းရှိ ဝါကပ်သီတင်းသုံးတော်မူကြသော ဆရာတော် သံဃာတော်များနှင့် သီလရှင်၊ စုစုပေါင်း (၁၅၇၂) ပါးထံသို့ ခွဲဝေ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်