ပခုက္ကူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်လုံး ထိုးနှံပြီးသူ တစ်သောင်းကျော်ရှိ

ပခုက္ကူ စက်တင်ဘာ ၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြရာ ပခုက္ကူမြို့နယ်တွင် ကာကွယ်ဆေး နှစ်ကြိမ်လုံးအပြည့်အဝထိုးနှံပြီးသူ တစ်သောင်းကျော် ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှစတင်ပြီး Covishied ၊ Senovax ၊ Verocell ၊ Sinopharam စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအမျိုးအစားများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့အချိန်ထိ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်အပြည့်အဝ ထိုးနှံပေးပြီးသူအနေဖြင့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအပါအဝင် ရဟန်း၊ သံယာနှင့် သီလရှင်ပေါင်း(၂၇၉)ပါး၊ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား (၄၅၁၅)ဦး၊ ကျန်းမာရေးဝန်ထမ်း အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု (၈၁၉)ဦး၊ စေတနာ့ဝန်ထမ်း (၄၂၇)ဦး၊ အကျဉ်းသား၊အကျဉ်းသူ (၂၈၃)ဦး၊ ဘဏ်၊ စက်ရုံ၊ အလုပ်ရုံများမှ ပုဂ္ဂလိကဝန်ထမ်း(၅၃)ဦးနှင့် အခြားဦးစားပေးအဆင့်အလိုက်ပြည်သူ (၇၃၅၇)ဦး စုစုပေါင်း (၁၃၇၃၃)ဦး ရှိကြောင်းသိရသည်။

ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံခြင်းလုပ်ငန်းကို ဩဂုတ်လ ၂၉ ရက်က ဆောင်ရွက်ကြရာ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့်ပြည်သူများ အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးတို့အတွက် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ  ဆေးထိုးစုရပ်နေရာများခွဲ၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် ကော်မတီဝင်များက ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်စေခြင်း၊ စနစ်တကျမှတ်ပုံတင် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ကြပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ ကျော်ကျော်သက်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆရာဝန်များက အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ ဝန်ထမ်းများနှင့် ဦးစားပေးအုပ်စုအလိုက် ပါဝင်သော ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)