တောင်ငူ စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ယနေ့ နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်မှုများကို မြို့ပေါ်ရပ်ကွက်များ အတွင်း အသိပေးနှိုးဆော် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အများပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများ နှင့်အညီ နေထိုင်သွားလာမှုရှိစေရေး၊ ရောဂါကွင်းဆက်ပြတ်တောက်ရေး လုပ်ငန်းများ၌ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန် အသိပေးနှိုးဆော်ခဲ့ကြသည်။
ဆက်လက်၍ တောင်ငူမြို့နယ်အတွင်း ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အတွင်း ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) အမျိုးအစား ထိုးနှံပြီးစီးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိုးနှံမည့် ရက်ချိန်းအလိုက် ကျန်ရှိနေသူများအား သီးခြားအစီအစဥ်ဖြင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆေးထိုးစုရပ်နေရာအဖြစ် အမှတ် (၈) ရပ်ကွက် မင်းကြီးညိုရုပ်ထုအနီး ဂေခိုဂယ်ဘား ခရစ်ယာန်ကျောင်းအတွင်း စက်တင်ဘာလ ၁၁ ရက်နေ့၌ ထိုးနှံနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိရေးအတွက် လှည့်လည် နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)