ဒီပဲယင်း စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌ တတိယလှိုင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာတွင် ရပ်ကွက်/ကျေးရွာပြည်သူများသည် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့ခြင်း၊ အနံ့မရခြင်း၊ ဖျားနာခြင်း လက္ခဏာများ ဖြစ်ပေါ်ခံစားရ၍ မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ကာ RDT Test Kit ဖြင့် ဆေးစစ်မှုကိုခံယူကြပြီး ရောဂါပိုးတွေ့ ( Positive ) လူနာများကို ဒီပဲယင်းမြို့ ပြည်သူ့ဆေးရုံ စိန်ကြည်ဆေးကုသဆောင်တွင် ထားရှိ၍ ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်အနီးကပ်ကြပ်မတ် ကုသပေးလျှက်ရှိကြောင်းသိရသည်။
ဒီပဲယင်းမြို့နယ်တွင် တတိယလှိုင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းနှင့်ကူးစက်ပြန့်ပွားမှုသည် ဇူလိုင်လ ၁၀ ရက်မှ စက်တင်ဘာလ ပထမပတ်အထိ ပိုးတွေ့လူနာ ၃၉၇ ဦး သေဆုံးသူ ၁၉ ဦး ဆေးရုံဆင်းခွင့်ရသူ ၃၆၆ ဦး ဆေးကုသမှုခံယူနေသူ ၁၂ ဦး ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုသည် ဇူလိုင်လ နှင့် သြဂုတ်လ ဒုတိယအပတ်ထိ ရောဂါကူးစက်ဖြစ်ပွားမှုမြှင့်မားခဲ့ပြီး သြဂုတ်လ ဒုတိယအပတ်မှ ယခု စက်တင်ဘာလဆန်းပိုင်းအထိ ရောဂါဖြစ်ပွားခြင်းနှင့်ကူးစက်ပြန့်ပွားမှုသည် သိသိသာသာကျဆင်းသွားခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
ယခုလို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းနှင့်ကူးစက်ပြန့်ပွားမှု ကျဆင်းလျော့နည်းလာရခြင်းမှာ ရပ်ကွက်နှင့် ကျေးရွာပြည်သူအားလုံးတို့က ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါကြိုတင်ကာကွယ်ရမည့် အချက်များကို ကိုယ်စီလိုက်နာ ဆောင်ရွက်ကြ၍သာ ရောဂါဖြစ်ပွားခြင်းနှင့်ကူးစက်ပြန့်ပွားမှု လျော့နည်းလာရခြင်းဖြစ်ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)