ဆင်ပေါင်ဝဲမြို့နယ် ဖိုစွတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆဌမအကြိမ်ထုတ်ချေး

 

 ဆင်ပေါင်ဝဲ  စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန က ၂၀၁၆ - ၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဖိုစွတ်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျေးရွာဘုန်းတော်ကြီး ကျောင်းဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦး စီးမှူး ဦးဇော်မင်းဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျ စေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကိုဗစ် ၁၉ ကာလစားဝတ်နေရေးအခက်အခဲများ လျော့နည်းစေရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

ထို့နောက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက ဖိုစွတ်ကျေးရွာ မြစိမ်းရောင် စီမံကိန်း ဆဋ္ဌမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည့်သူ ၁၁၄ ဦးကို ငွေကျပ် ၃၅၂ သိန်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့်သူ ၅၀ ဦးကို ငွေကျပ် ၁၁၆ ဒသမ ၅ သိန်း၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်မည့်သူ ၁၅ ဦးကို ငွေကျပ် ၃၉ ဒသမ ၅ သိန်း၊ စုစုပေါင်း အသင်းသား ၁၇၉ ဦးကို စီမံကိန်းရန်ပုံငွေကျပ် ၅၀၈ သိန်းကို ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက် ပေးခဲ့ကြောင်း ဆင်ပေါင်ဝဲ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောပြ၍သိ ရသည်။

သန်းလွင်