မယ်စဲ့မြို့နယ်၌ မိုးစပါး ၁၄၄၁ ဧကခန့် စိုက်ပျိုးပြီးစီး

မယ်စဲ့   စက်တင်ဘာလ  ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြေအောက်ရေ၊ ချောင်းရေတို့ဖြင့် မိုးစပါး ၁၄၄၁ ဧကခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်း ထံမှ သိရသည်။

မယ်စဲ့မြို့နယ်တွင် ဒေသရေမြေ သဘာဝ ဖြစ်ပေါ်လာသည့် ရာသီဉတုပြောင်းလဲမှု အခြေအနေပေါ် မူတည်၍ သင့်လျော်သည့် ကောက်စိုက်နည်းစနစ်များဖြင့် တောင်သူဦးကြီးများ၏ လယ်ယာမြေများတွင် မိုးစပါးများကို ရွေးချယ်စိုက်ပျိုးကြသည်။ ယခင်နှစ်က တိုက်ရိုက်မျိုးစေ့ချ ကိရိယာ Seeder ဖြင့် မိုးစပါး ၃ ဧက ခန့် စမ်းသပ်စိုက်ပျိုးခဲ့ရာ ပျိုးခင်းစရိတ်၊ ပျိုးနှုတ်၊ ပျိုးသယ်၊ ကောက်စိုက်စရိတ်၊ လုပ်အားခ၊ ကုန်ကျမှုလျော့နည်းခြင်းကြောင့် တောင်သူများ ကြိုက်နှစ်သက်ကြသဖြင့် ယခုနှစ်မိုးစပါးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တိုက်ရိုက်အစေ့ချကိရိယာများ ငှားရမ်း၍ နည်းပညာ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသည်။

မိုးစပါးအထွက်နှုန်းကောင်းမွန်စေရေးအတွက် မျိုးအလိုက်၊ ဒေသအလိုက် စိုက်ချိန်မှန်ရန် လိုအပ်ပြီး မယ်စဲ့ဒေသတွင် ထိုင်း-၂၁၊ ပြည်တော်ပြန်၊ ရွှေရင်အေး စသည့် မျိုးစပါးများကို အဓိကစိုက်ပျိုးသည်။ ထို့ပြင် အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ ဧက ၃၀၀ နှင့် စံပြကွက် ၄၈ ဧက စိုက်ပျိုးထားရှိပြီး အဆိုပါ စံပြကွက်၊ စမ်းသပ်ကွက်များအတွက် ပြည်နယ်မှ သဘာဝမြေဩဇာများ အခမဲ့ထောက်ပံ့ခြင်းနှင့် စိုက်ပျိုးပြီးစီးသော မိုးစပါးစိုက်ခင်းများတွင် ပိုးမွှားရောဂါ ကာကွယ်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)