မယ်စဲ့ စက်တင်ဘာ ၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဟိုဂျစ်ကျေးရွာနှင့် လယ်တောကျေးရွာတို့တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဟိုဂျစ်ကျေးရွာ၌ ကျေးရွာအတွင်း ရေရရှိရေးအတွက် ၂ လက်မ PVC အရှည်ပေ ၃၀၀၀ နှင့် ၁ လက်မခွဲ PVC အရှည် ပေ ၁၀၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းကို ငွေကျပ် ၄.၂၄ သန်းဖြင့် လည်းကောင်း၊ လယ်တောကျေးရွာ၌ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် (၂၅x၃x၆) ပေ ရေတားတမံတည်ဆောက်ခြင်း လုပ်ငန်းကို ၂.၆ သန်းဖြင့် လည်းကောင်း၊ (၁၅x၁၀x၆) ပေ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းကို ငွေကျပ် ၄.၆၈ သန်းဖြင့် လည်းကောင်း၊ ၂ လက်မ PVC အရှည် ၁/၄ မိုင်နှင့် ၁ လက်မခွဲ PVC အရှည် ပေ ၅၀၀ ကျေးရွာတွင်း ရေပိုက်လိုင်းဖြန့်ဝေခြင်းလုပ်ငန်းတို့ကို ငွေကျပ် ၉.၁၉ သန်းဖြင့် လည်းကောင်း ရွှေတြိဂံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးငြိမ်းထက်အောင်ထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)