ပွင့်ဖြူမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချနေမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ  စက်တင်ဘာ    ၈

မကွေးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ဌာနဆိုင်ရာများ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သော တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဆေးဝါးပစ္စည်းများ ရောင်းချရာ၌ ပြည်သူလူထု ဘေးအန္တရာယ် မဖြစ်စေရေးအတွက် တရားမဝင် မှတ်တင်ထားခြင်းမရှိသော ဆေးဝါးများနှင့် သက်တမ်းလွန် နေသော ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် ၊ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေး ပြောကြားပြီး ဆေးဆိုင်များအလိုက် ပြည်သူလူထု ဘေးအန္တရာယ်ဖြစ်စေနိုင်သော သက်တမ်းလွန် ဆေးပစ္စည်းများနှင့် တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေမှု ရှိ/ မရှိ တို့ကို ရှာဖွေစစ်ဆေးခဲ့ကြသည်။

“ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)အနေနဲ့ တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ ယခုလို ကိုဗစ် - ၁၉ ကာလမှာ ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာ၌ မလိုလားအပ်သော ဘေးအန္တရာယ်တွေ မဖြစ်စေရေးအတွက် ဆေးပစ္စည်း အရောင်းဆိုင်တွေမှာ သက်တမ်းလွန်ဆေးဝါးပစ္စည်းများနဲ့ တရားမဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ဖြန့်ဖြူးရောင်းချမှုတွေ မရှိစေရေး ကွင်းဆင်းကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီလို စစ်ဆေးတဲ့အခါမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများနဲ့ ပူးပေါင်းပြီး စစ်ဆေးဆောင်ရွက်တာဖြစ်ပါတယ်။ ပြည်သူများအနေနဲ့လည်း ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာမှာ သက်တမ်းလွန်နေသော ဆေးဝါးများ ဟုတ် ၊ မဟုတ် သေချာစွာစစ်ဆေးပြီးမှ ဝယ်ယူစားသုံးကြဖို့နဲ့ တရားမဝင် မှတ်ပုံတင် ထားခြင်းမရှိတဲ့ ဆေးဝါး ပစ္စည်းတွေဆိုရင် ဝယ်ယူသုံးစွဲခြင်း မပြုကြဖို့ တိုက်တွန်းပြောကြားလိုပါတယ် ဟု မကွေးတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်းက ပြောကြားသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)