ရသေ့တောင် စက်တင်ဘာ ၈
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီး ခဲ့သည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများအပြင် အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ပြည်သူများကို စုရပ်(၃)ခုတွင် ယမန်နေ့ နောက်ဆုံးနေ့အဖြစ် နံနက် ၉ နာရီမှစ၍ ထိုးနှံပေး လျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခဲ့သည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများကို စုရပ်(၃)ခု ဖြစ်သည့် မြို့မစုရပ်၊ ကူတောင်စုရပ်နှင့် လောင်းချောင်းစုရပ်တို့တွင် စုစုပေါင်း (၅၇)ဦးတို့အား နောက်ဆုံးနေ့အဖြစ် ထိုးနှံပေးခဲ့ပြီး စေတီပြင်စုရပ်တွင် ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများအား စက်တင်ဘာ ၈ ရက်နေ့မှ ၉ ရက်နေ့ထိ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်သည်။
ရသေ့တောင်မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့သည့် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူ စုစုပေါင်း(၄၇၁၂)ဦး ရှိသည့်အနက် စက်တင်ဘာ ၇ ရက်နေ့ထိ (၄၄၀၀)ဦးတို့အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)