ကြံခင်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ကျော်စွာလှိုင် ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ကြံခင်းမြို့နယ် ဘက်ရဲမြို့ အမှတ်(၂)ရပ်ကွက် ရွှေကျောင်းရပ်ရှိ ပရှဉ့်ချောင်း အခြေထိန်းကျောက်ဖြည့် ရေကာတာနှင့် ကမ်းပါးထိန်း တည်ဆောက်မှု လုပ်ငန်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါဝန်ကြီးနှင့်အဖွဲ့အား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက ကြိုဆိုကြကြောင်း သိရသည်။
ထို့နောက် ဘက်ရဲမြို့ကမ်းပါးထိန်း တည်ဆောက်မှု လုပ်ငန်းအား ကြည့်ရှု့စစ်ဆေးရာ ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်လွင်၊ ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းတို့မှ တည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်တင်ပြရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးမှ လက်ရှိကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းများ ပြီးစီးပါက ဆက်စပ်လျက်ရှိသည့် အနီးပတ်ဝန်းကျင်မှ ကမ်းပါးအား ထိန်းသိမ်းဖို့လိုကြောင်း၊ ချောင်းအတွင်းသို့ စီးဝင်သော ရေများအား ရေထွက်ပေါက်တစ်ခုမှ စီးဆင်းမှုမရှိစေဘဲ ရေထွက်ပေါက်များခွဲထွက် စီးဆင်းမှသာ ကမ်းထိန်းသိမ်းခြင်း တည်ဆောက်မှုသည် ရေရှည်ခိုင်မာမည်ဖြစ်ကြောင်း စစ်ဆေးကြည့်ရှု မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ်းထိန်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ရွှေထူးလျှံကျော် ကုမ္ပဏီလိမီတတ်မှ တာဝန်ယူ တည်ဆောက်ပြီး ချောင်းကမ်းပါး အလျားပေ(၁၉၀)ဖြစ်ကြောင်း၊ စုစုပေါင်း တန်ဖိုးငွေကျပ် (၉၈.၈)သန်းဖြင့် အခြေထိန်းမျော ကျောက်ဖြည့်ရေကာတာနှင့် ကမ်းပါးထိန်း (Stone Gabion)နှင့် တည်ဆောက်ရေး လုပ်ငန်းဖြစ်ကြောင်း သိရသည်
ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့်အဖွဲ့သည် ကြံခင်းမြို့နယ် ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မြန်အောင်မြို့သို့ ဆက်လက် ထွက်ခွာ သွားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)