မြန်အောင်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့

မြန်အောင် စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT (Maternal And Child Cash Transfer) အစီအစဥ်မှထောက်ပံ့သည့် မြန်အောင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်၂ နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်သူရိန်ထွန်း၊  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့က ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ပေးအပ်ခဲ့ကြသည်။

မြန်အောင်မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၄၈)ခုတို့မှ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော ၂ နှစ်အောက်ကလေးများအတွက် တစ်ဦးလျှင် ငွေကျပ်(၄၅၀၀၀)ကျပ်နှုန်းဖြင့် ကလေးငယ်(၁၀၀၇)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၁၂၁၀)ဦး စုစုပေါင်း(၂၂၁၇)ဦး အတွက် (၉၉၇၆၅၀၀၀)ကျပ်အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်