ကျွန်းလှ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာ၊ကွင်းအမှတ် (၂၉၃) တောင်သူ ဦးမြငွေ ၏မိုးမြေပဲစိုက်ခင်းတွင် စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက စံကွက်ရိတ်သိမ်းရာ တစ်ဧက အစိုထွက် ၈၉ဒသမ၁၇ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ ဒီနှစ် မိုးမြေပဲ ၂ ဧက စိုက်ပျိုးထားပါတယ်။ တစ်ဧက မျိုးတစ်တင်းခွဲ စိုက်ပျိုးပြီးတစ်တင်းငွေကျပ် ၄၀၀၀၀ ပေးရပါတယ်။ မျိုးဖိုး၊ မြေယာပြုပြင်ခ၊ ထွန်ယက်ခ၊ အလုပ်သမားခ၊ ပိုးသတ်ဆေးဖိုး၊ မြေဩဇာဖိုး စုစုပေါင်းငွေကျပ် ၃ သိန်းခန့်ကုန်ကျပါတယ်။ ယခင်နှစ်က တစ်ဧကတင်း ၅၀ ခန့်ထွက်ရှိသော်လည်း ယခုနှစ် ရာသီဥတုမှန်တော့ ယနေ့စံကွက်ရိတ်သိမ်းရာ တစ်ဧက ၈၉ တင်းကျော်ထွက်ရှိပါတယ်” ဟုမကျည်းအင်းကျေးရွာ တောင်သူ ဦးမြငွေက ပြောပြသည်။
အဆိုပါ မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရန်အတွက် မြိုနယ်စိုက်ပျိုးရေးစီးဌာနက မျိုးကောင်း မျိုးသန့်ရရှိရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ သဘာဝပိုးသတ်ဆေး၊ပိုးနှင်ဆေး ပြုလုပ်သုံးစွဲရေး၊ တမာပိုးသတ်ဆေးအသုံးပြုရေး၊ မလိုအပ်ဘဲပိုးသတ်ဆေးမသုံးရေး၊ GAP အသိအမှတ်ပြုသီးနှံရရှိရေးနှင့် ဘက်စုံကာကွယ်ရေးနည်းစနစ်များ ကွင်းဆင်းပညာပေးခဲ့ကြောင်းသိရသည်။
ကျွန်းလှမြို့နယ်တွင် ယာမြေဧက ၄၈၀၀၀ ကျော်ရှိပြီး မိုးမြေပဲ ၅၈၂၄ ဧက စိုက်ပျိုးကြောင်း၊ ဆောင်းမြေပဲစိုက် တောင်သူများ မျိုးကောင်း မျိုးသန့်ရရှိရန် မျိုးစေ့ထုတ် စံပြကွက်ဧက ၅၀ စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။
မျိုးဝင်းညို