ပခုက္ကူခရိုင်အတွင်း ရေနစ်မြုပ်သည့် ကျေးရွာ(၂၅)ရွာမှ ကျွဲ၊နွား(၄၁၈၆)ကောင်အတွက် တိရစ္ဆာန်ဆေးဝါးများ အခမဲ့ဖြန့်ဝေ

 

ပခုက္ကူ  စက်တင်ဘာ ၇

 

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း ရေနစ်မြုပ်သည့် ကျေးရွာ(၂၅)ရွာမှ ကျွဲ၊နွား(၄၁၈၆)ကောင်အတွက် ဆေးဝါး ကုသပေးနိုင်ရေး နိုင်ငံတော်မှထောက်ပံ့သော တိရစ္ဆာန်ဆေးဝါးများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉နာရီ အချိန်က ပခုက္ကူခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

 

 

ရှေးဦးစွာ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်ဦးက ပခုက္ကူခရိုင်အတွင်း ရေနစ်မြုပ်သည့် ကျေးရွာ(၂၅)ရွာမှ ကျွဲ၊နွား(၄၁၈၆) ကောင် အတွက် ဆေးဝါးများကုသပေးနိုင်ရေး နိုင်ငံတော်မှထောက်ပံ့သော တိရစ္ဆာန်ဆေးဝါးများအခမဲ့ဖြန့်ဝေရခြင်း ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားသည်။

 

 

ထို့နောက် ခရိုင်အတွင်း ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ရေကြီးမှုတို့ကြောင့် ရေလယ်ကျွန်းကျေးရွာနှင့် မြစ်ကမ်းနံဘေးရှိ ကျေးရွာပေါင်း (၂၅)ရွာများက ရေဝင်ရောက်ပြီး ချည်တိုင်မှရေလွတ်ရာသို့ ပြောင်းရွှေ့နေရသည့် ကျွဲ၊နွား(၄၁၈၆)ကောင်အား ဆေးဝါးများကုသပေးနိုင်ရေး နိုင်ငံတော်မှထောက်ပံ့သော တိရစ္ဆာန်ဆေးဝါးများဖြစ်သည့် ကုသဆေး ၄၃၀ ပုလင်း၊ ပိုးသတ်ဆေး ၈၂ ဗူး၊ ဆေးကတ္တရာ ၄၁၀ ဗူးတို့ကို ပခုက္ကူမြို့နယ်၊ ကျေးရွာအုပ်စုကွင်းဆင်းအဖွဲ့(၃)ဖွဲ့၊ ရေစကြိုမြို့နယ်၊ ကျေးရွာအုပ်စု ကွင်းဆင်းအဖွဲ့(၅)ဖွဲ့နှင့် ဆိပ်ဖြူ မြို့နယ်၊ ကျေးရွာအုပ်စုကွင်းဆင်းအဖွဲ့(၂)ဖွဲ့ စုစုပေါင်း (၁၀)ဖွဲ့ထံ တာဝန်ရှိသူများက အခမဲ့ဖြန့်ဝေပေးအပ်ကြရာ ကျေးရွာအုပ်စု ကွင်းဆင်းအဖွဲ့များကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိန်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 

 

မြစ်ရေတိုက်စားမှုတို့ကြောင့် ပြောင်းရွှေ့နေရသည့် ကျွဲ၊ နွားများ ကုသနိုင်ရေးအတွက် ကုသေရေးဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဆေးဝါးများ ထပ်မံလိုအပ်ပါက တင်ပြတောင်းခံနိုင်ပြီး ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း၊ ဩဂုတ်လအတွင်း မြစ်ရေကြီးပြီး ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့နေရသည့် ကျွဲ၊နွားများအတွက် တိရစ္ဆာန်အစာ အိတ်(၂၈၀)အိတ်ကိုလည်း ဖြန့်ဝေခဲ့ကြောင်း၊ ခရိုင်အတွင်းရှိ မြစ်ရေဝင်ရောက်နိုင်သည့် ကျေးရွာ(၃၇)ရွာမှ ကျွဲ၊နွားများအား ရောဂါအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဖြစ်အများဆုံးရောဂါဖြစ်သည့် ပေါင်ပုပ်၊လက်ပုပ်ရောဂါကာကွယ်ဆေးများ ကို ယခုနှစ်ဇွန်လနှင့်ဇူလိုင်လအတွင်း ကျွဲ၊နွားကောင်ရေ (၅၀၆၇) ကောင်အား ကြိုတင်ထိုးနှံပြီးဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများအနေဖြင့် မွေးမြူရေးနှင့် ကုသရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး လိုအပ်သည့် နည်းပညာများအတွက်အခက်အခဲ ကြုံတွေ့ပါက သက်ဆိုင်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနများသို့အချိန်မရွေးဆက်သွယ်အကူ အညီတောင်းခံနိုင်ကြောင်း ပခုက္ကူခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်ဦးက ပြောသည်။

 

 

ဆလိုင်းကိုကီး(ပြန်/ဆက်)