ကျောက်ဖြူ စက်တင်ဘာ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နယ်မြေခံ တပ်ရင်း၊တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ခလရ(၃၄) တပ်ရင်းသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် မွေးရာပါနိုင်ငံသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးကို ရရှိရေးအတွက် ပြည်သူ များအားဆောင်ရွက်ပေးလျက် ရှိရာ ကျောက်ဖြူမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၊တပ်ဖွဲ့များဖြစ်သော ခလရ(၃၄)၊ ခမရ(၅၄၂)၊ ခမရ(၅၄၃)တို့မှ တပ်ဖွဲ့ဝင်များနှင့်၎င်းတို့၏ မိသားစုဝင်များကို အိမ်ထောင်စု လူဦးရေစာရင်း၊ ကလေးမွေး/တိုး အမည်စာရင်းထည့်သွင်း ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးခဲ့သည်။
ကျောက်ဖြူမြို့တွင် အဆိုပါ တပ်ရင်း၊တပ်ဖွဲ့၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်လာသူ (၁၈)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ်လာသူ (၃)ဦး၊ ၊မိတ္တူ ပြုလုပ်လာသူ(၄၃)ဦး စုစုပေါင်း (၆၄)ဦးနှင့် အိမ်ထောင်စု (၄၇)စုမှ ကလေးမွေး/တိုးစာရင်းလာရောက်ပြုလုပ်သူ (၄၄) ဦးတို့အား ပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ကျောက်ဖြူမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
တင်ထွန်းဦး