ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့် အလှူရှင်များမှ ထည့်ဝင်လှူဒါန်းသော လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကျောက်ဖြူ    စက်တင်ဘာ  ၇

ကိုဗစ်-၁၉ ကာလအတွင်း ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ ဝါဆိုသံဃာများအား အခက်အခဲမရှိစေရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့်ခ ရိုင်/မြို့နယ်များရှိ ဌာနဆိုင်ရာများ စုပေါင်း ထည့်ဝင်သော လှူဖွယ် ပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့ပေါ် ကျောင်း(၅၅)များ သို့ သွားရောက် လှူဒါန်းလျက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင် နှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ အမျိုးသမီးရေးအဖွဲ့တို့ပူးပေါင်း၍ ကျောက်ဖြူမြို့၊ နဂါးကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး  ဆန်၊ ဆီ၊ ကြက်သွန်နီ စသည့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။ အဆိုပါလှူဖွယ်ပစ္စည်းများအား နိုင်ငံတော်ဩဝါဒစရိယ ပဓာနနာယက ဆရာတော်(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသထံသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဥက္ကဋ္ဌနှင့် ဇနီးတို့က  လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းပြီး ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆန်နှင့်လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ သာသနာ့နွယ်ဝင် သီလရှင် ဆရာလေးများအား ဆန်၊ဆီနှင်ကြက်သွန်များလှူဒါန်းပေးခဲ့ကြသည်။ အလားတူ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များက မြို့မအလယ်ကျောင်းတိုက် သို့သွားရောက်ပြီး ဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်း များလှူဒါန်းခြင်း၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ များက ဆရာဒကာ ကျောင်းတိုက်များသို့ သွားရောက်ကာ လှူဒါန်းလျက်ရှိသည်။

ကျောက်ဖြူခရိုင်/မြို့နယ်ဦးစီးဌာနများမှ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များမှာ ဝါတွင်းကာလ၌ ဆွမ်း အခက်အခဲများ မရှိစေရေးအတွက် ကျောင်းတိုက်(၅၅)တိုက်ကို မိမိတို့အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဌာနများမှလှူဒါန်းသည့် ဆီ၊ ကြက်သွန် လှူဖွယ် ပစ္စည်းများကို ဩဂုတ်လနောက်ဆုံးအပတ်မှစတင်ပြီး ယနေ့အထိ သွားရောက်လှူဒါန်းလျက် ရှိပါတယ်၊ ကျွန်တော် တို့ ခရိုင်/မြို့နယ် လှူဒါန်းစာရင်းများအရ ဆန်အိတ် ၁၁၀၊ ဆီ ၅၀ ပိဿာ၊ ပဲ ၂၀ ပိဿာ၊ ကြက်သွန် ၃၀ ပိဿာ၊ ဆား ၅၀၀ ပိဿာ၊ ငွေသား နဝကမ္မလှူဒါန်းငွေကျပ် ၁၇ သိန်းကျော် စုစုပေါင်းပစ္စည်းနှင့်အလှူငွေ သိန်း ၃၀ ကျော် နှင့်ပြည်နယ်အစိုးရအဖွဲ့၏ မတည်ငွေ သိန်း ၂၀ ဖြင့်ပေါင်းကာ လှူဒါန်းပေးလျက်ရှိ ပါတယ်'ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်ကျော်ကပြောသည်။

အလားတူ  မြို့နယ်သုံးမြို့နယ်အတွက် ပြည်နယ်အစိုးရအဖွဲ့၏မတည်ငွေ သိန်း ၂၀ စီဖြင့်  ရမ်းဗြဲမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း(၂၅)ကျောင်းအား ၂၃ သိန်းတန်ဖိုးရှိ ဆန်နှင့်လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ မာန်အောင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းအား ၂၆ သိန်းတန်ဖိုးရှိ ဆန်၊နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ အားလည်းကောင်း၊ အမ်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း(၃၀)ကျောင်းအား ၃၄ သိန်း ကျော်တန်ဖိုးရှိ ဆန်၊နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ဦးဆောင်၍ လှူဒါန်းပေးလျက် ရှိကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း