ရသေ့တောင်မြို့နယ်၌ တစ်ရက် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး ၅၀ ထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှု ၇၅ ရာခိုင်နှုန်းပြီးစီး

ရသေ့တောင်    စက်တင်ဘာ     ၇

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါခံစားနေရသူများနှင့်အခြားလူနာများ အတွက် လိုအပ်လျက်ရှိသော အောက်ဆီဂျင်များအား ပြတ်လပ်မှုမရှိစေရေးနှင့် လုံလောက်စွာ ဖြည့်ဆည်းပေး နိုင်ရေးအတွက် တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး ၅၀ ထွက်ရှိမည့် အောက်ဆီဂျင် စက်ရုံအားတည်ဆောက်လျက်ရှိသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံကို မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ၆၆ ပေ ပတ်လည်ရှိမြေကွက်တွင် တည်ဆောက်လျက်ရှိပြီး အလျား ၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ Steel Structure အဆောက်အဉီ အမျိုးအစားဖြစ်ပြီး ဩဂုတ်လ တတိယပတ်မှစတင်ဆောက်လုပ်ခဲ့ကာ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။

ရသေ့တောင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီကို အဖွဲ့ဝင်(၂၃)ဦးတို့ဖြင့် ဖွဲ့စည်း ခဲ့ပြီး ရေလမ်းခရီးကိုသာ အဓိကအားကိုးနေရသည့် မြို့နယ်တစ်ခုဖြစ်၍ အရေးပေါ် လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်များကို အချိန်မီပေးနိုင်ရေးနှင့် ပြတ်လပ်မှုမရှိစေရေးအတွက် အောက်ဆီဂျင် စက်ရုံကိုတည်ဆောက်ရခြင်းဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ ထံမှသိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက်  ဦးဦးသန်းနိုင် (Than Naing& Family Construction Co,Ltd) မိသားစုမှ ငွေကျပ်သိန်း(၁၀၀)မတည်ကာ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်ပြည်သူများမှ အလှူငွေများထည့်ဝင်လှူဒါန်းလျက်ရှိရာ ငွေကျပ် သိန်း(၂၈၀၀)ကျော် ရရှိပြီး ဖြစ်ကာ စက်တင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီး အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက် ၄၀ လီတာဆံ့အောက်ဆီဂျင်အိုး အလုံး ၅၀ လုံးထိ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

 

အောင်စံထွန်း (ပြန်/ဆက်)