မင်းဘူးမြို့သို့ အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ စတင်ရောက်ရှိ မြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ အောက်ဆီဂျင်လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်တော့မည်

မင်းဘူး စက်တင်ဘာ ၇

 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ ဒေသခံမိဘ ပြည်သူ များ၏ အောက်စီဂျင် အရေးပေါ်လိုအပ်မှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် မင်းဘူးမြို့၊ ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်း ရုံးဝင်းအတွင်း၌ တည်ဆောက်နေသော အောက်စီဂျင်စက်ရုံအတွက် အောက်ဆီဂျင် စက်နှင့် ဆက်စပ်ပစ္စည်းများ ယမန်နေ့ မွန်းလွဲပိုင်းက စတင်ရောက်ရှိ ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ liquid Oxygen Plant စက်ကြီးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ ပေးထားကြောင်း၊ အောက်စီဂျင်စက်ရုံ အဆောက်အဦး၊ ၁၁ ကေဗွီ ဓာတ်အား လိုင်း ၂၀၀ ကေဗွီ ထရန်စဖော်မာနှင့် လျှပ်စစ်မီးသွယ်တန်းရေးတို့ကို ဒေသခံအလှူရှင် မိသားစုများက တစ်ဦးချင်း အသီးသီး မတည်လှူဒါန်းပေးထားကြောင်း၊ ဒေသတွင်းအများ ပြည်သူ စေတနာရှင် အလှူရှင်များကလည်း လိုအပ်သောနေရာများတွင် သုံးစွဲရန် အလှူငွေများကို ထည့်ဝင်လှူဒါန်းပေးလျက်ရှိကြောင်း ဘဏ္ဍာ ငွေရှာဖွေရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းထံမှ သိရသည်။

 

 

အဆိုပါ liquid Oxygen Plant အောက်စီဂျင်စက်မှာ တရုတ်နိုင်ငံထုတ် NZO-30 Nm3 အမျိုးအစားဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း အောက်စီဂျင်များ စတင်ထုတ်လုပ်လည်ပတ် နိုင်ရေး ခရိုင်/မြို့နယ် ကို​ဗစ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုကာ ပေါင်းစပ်ညှိနှိုင်း စီစဉ် ဆောင်ရွက် နေကြောင်း၊ တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ခန့်မှန်းအလုံး ၂၀၀ ခန့် ထုတ်လုပ်နိုင် မည်ဖြစ်ပြီး ဒေသအတွင်းရှိ အရေးပေါ် လူနာများနှင့် မိဘပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

 

 

မောင်မောင်(မင်းဘူး)