မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ ၁၅၁၀ စင်တီမီတာသို့ ဆက်လက်လျော့ကျ

မင်းဘူး   စက်တင်ဘာ   ၇

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်များအရ  စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာသို့ ရောက်ရန်အလို ၁၆၆၇ စင်တီမီတာ မှ အောက်သို့ မြစ်ရေများ ဆက်လက်လျော့ကျလျက်ရှိရာ ၁၅၁၀ စင်တီမီတာသို့ ‌‌ရောက်ရှိပြီဖြစ်၍ ၁၅၇ စင်တီမီတာ ၅ ဒသမ ၁၅ ပေသို့ ပြန်လည်လျော့ကျသွားကြောင်း သိရသည်။

 

အဆိုပါ ဧရာဝတီမြစ်ရေ မြင့်တက်မှုတွင် ယခင်ရက်များက တစ်နေ့လျှင် ၁၆ စင်တီမီတာ ၆ ဒသမ ၅ လက်မ မြင့်တက်လျက်ရှိပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်း ဒေသများဖြစ်သော မြေနုကျွန်များနှင့် ရပ်ကွက်နှင့် ကျေးရွာများသို့ မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်းလည်း သိရသည်။

 

 ထိုသို့ မြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူများနှင့် ၎င်းတို့ မွေးမြူထားသော ကျွဲ၊ နွားနှင့် အခြားအိမ်မွေး တိရစ္ဆာန်များကို ရေလွတ်သည့် ကုန်းမြင့်ရာ နေရာများသို့ ရွှေ့ပြောင်း ထားရကြပြီး အချို့ ကျေးရွာများတွင် မြစ်ကမ်းပါးများ ပြိုကျ၍ နေအိမ်များ ပြောင်းရွှေ့ကာ စိုးရိမ်ကြရသည့် အခြေအနေများ ရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

 

ယခုအခါ မြစ်ရေတက်ခြင်းများမှာ ရပ်တန့်သွားပြီး အောက်သို့နေ့စဉ် တစ်နေ့လျှင် ၂၇ စင်တီမီတာ ၁၀ ဒသမ ၈ လက်မ လျော့ကျ လျက်ရှိပြီး စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာနှင့် တဖြေးဖြေး ဝေးကွာသွားပြီဖြစ်၍ မြစ်ကမ်းနဖူးနေ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ စိတ်ပူပန်မှုများ  လျော့ကျသွားစေရန် မင်းဘူးမြို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ တစ်နေ့လျှင် ၄ ကြိမ်တိုင်း၍ အထက်ဌာန အဆင့်ဆင့်သို့ တိုင်းထွာချက်များ ပို့ပေးရကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ Radio, FM လိုင်းများနှင့် Facebook များမှလည်း မိုးလေဝသ သတင်းနှင့် မြစ်ရေကြီးခြင်း သတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း မင်းဘူးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်အုန်းက ပြောကြားခဲ့သည်။

 

ဇေယျာထက် (မင်းဘူး)