ပွင့်ဖြူ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါ ကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မိုဘိုင်းစစ်ဆေးရေး ယာဉ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး ဒေသခံကျေးလက်နေပြည်သူများကို အခမဲ့ ကိုဗစ် - ၁၉ ရောဂါ ရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မိုဘိုင်းစစ်ဆေးယာဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့နယ် ပေတော(တ)ကျေးရွာနှင့် ပေတော(မ)ကျေးရွာရှိ ဒေသခံပြည်သူ (၁၄)ဦး ၊ ပန်းတုန်းကြီးကျေးရွာတွင် ဒေသခံပြည်သူ(၂၀)ဦး ၊ အနောက်ကိုင်းကျေးရွာတွင် ဒေသခံပြည်သူ (၁၈)ဦး စုစုပေါင်း (၅၂) ဦးအား ကိုဗစ်ပိုး ရှိ/ မရှိ RDT ( Test Kits ) ဖြင့် အခမဲ့ စစ်ဆေးပေးခဲ့ရာ ကိုဗစ်ပိုး မတွေ့ရှိရကြောင်း သိရသည်။ အဆိုပါ မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ကျေးလက်နေပြည်သူများကို ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် နယ်လှည့် ကွင်းဆင်းစစ်ဆေးပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအန္တရာယ်အား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိုဘိုင်း စစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းကို ကျန်ရှိသည့်ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးလိုသော ပြည်သူများအနေဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ လာရောက်စစ်ဆေးမှုခံယူနိုင်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)