ဂန့်ဂေါမြို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးလုပ်ငန်းပြီးစီး

ဂန့်ဂေါ စက်တင်ဘာ ၇

ဂန့်ဂေါမြို့တွင် စေတနာရှင်များ၏အားဖြင့် အောက်ဆီဂျင်စက်ရုံကို ဇူလိုင်လလယ်မှ စတင်ကာ နေရာရွေးချယ်ခြင်း၊ ပန္နက်တင်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးတပ်ဆင်ခြင်း၊ မော်တော်ယဉ် ဝင်ထွက်သွားလာမှု အဆင်ပြေနိုင်ရန် အဝင်လမ်း၊ အထွက်လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ အားလုံး စက်တင်ဘာ ၅ ရက်တွင် ပြီးစီးပြီ ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေးကော်မတီမှ သိရသည်။

အဆိုပါစက်ရုံတွင် တပ်ဆင်လည်ပတ်မည့် အောက်ဆီဂျင်စက် ၂၄ နာရီတွင် ၄၀ လီတာ ၈၀ လုံးထွက်ရှိမည့် စက်မှာ  ရန်ကုန် ဆိပ်ကမ်းမှတစ်ဆင့် ဂန့်ဂေါသို့ စက်တင်ဘာ ဒုတိယပတ်အတွင်း ရောက်ရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်း သိရသည်။

 အဆိုပါစက်ရုံအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှထောက်ပံ့လှူဒါန်းသော ၂၄ နာရီတွင် အောက်ဆီဂျင် ၄၀ လီတာ ၂၀၀ လုံး ထွက်ရှိနိုင်မည့်စက်မှာလည်း ရက်သတ္တတစ်ပတ်အတွင်း ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် ပခုက္ကူမြို့တွင် လက်ခံ၍ ဂန့်ဂေါသို့ သယ်ယူရမည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရေးကော်မတီ အတွင်းရေးမှူး၏ ပြောပြချက်အရ သိရသည်။

ဂန့်ဂေါခရိုင်အတွင်း အောက်ဆီဂျင်လိုအပ်ချက်များကို ဂန့်ဂေါခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ အစီအစဉ်ဖြင့် လည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များ၏ အကူအညီဖြင့်လည်းကောင်း မန္တလေးမြို့၊ ပခုက္ကူမြို့ ၊ ပေါက်မြို့များမှ ရရှိသယ်ယူကာ ဖြည့်ဆည်းခဲ့ကြရသော်လည်း စက်ရုံလည်ပတ်နိုင်သည့်အခါတွင် အောက်ဆီဂျင်လိုအပ်ချက်ကို ဒေသအတွင်း ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂန့်ဂေါခရိုင်အတွင်း ဆောမြို့နယ် ကျောက်ထုမြို့ ရန်ကင်းတောင်စေတီတော်အနီးတွင် လည်းကောင်း၊ ထီးလင်းမြို့ အောင်တော်မူစေတီတော် အနီးတွင်လည်းကောင်း အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  

တောင်သားမောင်သန်း