မော်လိုက် စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အတွင်းရှိ ငါးဖမ်းကွက်(၉)ခုတို့အား အိတ်ဖွင့် တင်ဒါရောင်းချပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မော်လိုက်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်ဝေဝေက ရေချိုငါးလုပ်ငန်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ပြန်ထားသည့် တင်ဒါ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အတွင်းရှိ ငါးဖမ်းကွက်(၉)ခုတို့အား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးဖမ်းကွက်များအား အိတ်ဖွင့်တင်ဒါရောင်းချရာ၌ မော်လိုက်မြို့နယ်အနေဖြင့် ငါးဖမ်းကွက်(၆)ခုဖြစ်သည့် ကင်းတပ်ငါးဖမ်းကွက်၊ ရိုးလာငါးဖမ်းကွက်၊ မော်လိုက်ငါးဖမ်းကွက်၊ ဝါးရုံသာငါးဖမ်းကွက်၊ ယူးဝငါးဖမ်းကွက်နှင့် ကြာအင်း/ဖာတင်းငါးဖမ်းကွက်တို့ကို လည်းကောင်း၊ ဖောင်းပြင်မြို့နယ်အနေဖြင့် ငါးဖမ်းကွက်(၃)ခုဖြစ်သည့် မိုင်းနွဲ့ငါးဖမ်းကွက်၊ ဂွေ့ငူငါးဖမ်းကွက်နှင့် နန်းပန်ငါးဖမ်းကွက်တို့ကို အသီးသီးရောင်းချပေးခဲ့ကြောင်းနှင့် ငါးဖမ်းကွက်များအား တင်ဒါရောင်းချပေးခြင်းဖြင့် နိုင်ငံတော်အတွက် အခွန်ငွေများ ထိုက်သင့် လျောက်ပတ်စွာ ရရှိနိုင်စေရန်၊ ငါးမျိုး မပြုန်းတီးစေရေး၊ ငါးမျိုးသယံဇာတ ပေါကြွယ်ဝရေး၊ ငါးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ရေချို ငါးလုပ်ငန်းဥပဒေနှင့်အညီ စီမံခန့်ခွဲနိုင်ရေး၊ တရားမဝင်ငါးဖမ်းခြင်းများ မဖြစ်ပေါ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ရောင်းချပေးရခြင်း ဖြစ်ကြောင်း ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ၊ ခရိုင် တာဝန်ခံ ပြောကြားချက်အရ သိရသည်။
မော်လိုက်ခရိုင်အတွင်းရှိ ငါးဖမ်းကွက်များအား အိတ်ဖွင့်တင်ဒါရောင်းချပေးခြင်းသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်း၊ မိတ်ဖက်ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြို့မမြို့ဖများနှင့် ငါးဖမ်း ကွက်တင်ဒါဝယ်ယူကြသည့် လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး