ရွှေဘိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် လူဦးရေ(၄၇၀၅) ဦးထိုးနှံပြီး

ရွှေဘို စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသော အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ပြည်သူများကို စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ စက်တင်ဘာလ ၆ ရက်နေ့ထိ မြို့တော်ခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။

ရွှေဘိုမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်တွင်  မြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ထိုးနှံပေးခဲ့ရာ လူဦးရေ (၄၇၀၅)ဦး ရှိပြီး စက်တင်ဘာလ ၆ ရက်နေ့တွင် ပထမအကြိမ် လူဦးရေအတိုင်း ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသူများ အနေဖြင့် ဒုတိယအကြိမ်မထိုးခင် ကြားထဲတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပါက စဖြစ်သည့်နေ့မှ ၂၈ ရက်နေ့ နောက်ပိုင်းတွင် ဒုတိယအကြိမ် ထိုးနှံရမည် ဖြစ်ကြောင်း သာမန် တုပ်ကွေးဖြစ်ပါက အဖျားပျောက်ပြီး ဒုတိယနေ့ တွင် ကာကွယ်ဆေးထိုးနှံ နိုင်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာ အောင်သူရ၏ ပြောကြားချက်အရ သိရသည်။

ဘိုစိုး(ရွှေဘို)