ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်

 ပွင့်ဖြူ  စက်တင်ဘာ  ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်နေပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့၊ အလယ်ပိုင်း ရပ်ကွက်ရှိ ကံ့ကော်လမ်းအရှည်ပေ ၁၈၅၀ ပေ  မူလရှိ ကတ္တရာလမ်းအား လမ်းပခုံးချဲ့ထွင်ခြင်းနှင့် ကတ္တရာ ထပ်ပိုးလွှာခြင်းလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်းထံမှ သိရသည်။

ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ကံ့ကော်လမ်းအရှည်ပေ ၁၈၅၀ ရှိ ကတ္တရာလမ်းမှာ ယခင်က လမ်းအကျယ် ၁၂ ပေသာရှိပြီး လမ်းကျဉ်းနေသည့်အပြင် မိုးရေတိုက်စားမှု ဒဏ်ကြောင့် လမ်းများပျက်စီးနေကာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ သွားလာရာ၌ အဆင်မပြေမှုများ ရှိနေကြောင်းသိရ၍ ယခုနှစ်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ ရာသီမရွေး စိတ်အေးချမ်းသာစွာ သွားလာနိုင်စေရန်နှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြု ရန်ပုံငွေကျပ် ၁၆၅ ဒသမ ၅ သိန်းဖြင့် မူလရှိ ကတ္တရာလမ်းအရှည်ပေ ၁၈၅၀၊ လမ်းအကျယ် ၁၂ ပေအား လမ်းဘေး(ဝဲ ၊ ယာ) တစ်ဖက်လျှင် ၃ ပေ ၉ လက်စီ တိုးချဲ့ကာ စုစုပေါင်း လမ်းအကျယ် ၁၈ ပေအထိ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကတ္တရာလမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တင်ဒါစနစ်ဖြင့် Shwe Group ကုမ္ပဏီအား လမ်းပခုံးချဲ့ထွင်ခြင်းလုပ်ငန်းအား တာဝန်ယူဆောင်ရွက်လုပ်ကိုင်စေရာ အဆိုပါ ကုမ္ပဏီက စက်တင်ဘာ(၄)ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပြီး ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းအားဌာနမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်း လုပ်ငန်း အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင်