နတ်မောက် စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ် ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ဩဂုတ်(၂၉)ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ (၅)ရက်နေ့အထိ စုစုပေါင်း ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ (၅၀၆၈) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာတွင် အသက်အရွယ် ကြီးရင့်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် သွားလာရေး အခက်အခဲရှိသော ပြည်သူများ အဆင်ပြေစွာ ကာကွယ်ဆေးထိုး နှံနိုင်ရေးအတွက် ဆေးထိုးစုရပ်(၆) နေရာခွဲ၍ ထိုးနှံပေးလျက်ရှိပြီး မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် (၇၀၂)ဦး ၊ နတ်မောက် အ.ထ.က (၁)တွင် (၈၂၄)ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် (၅၈၇)ဦး ၊ရွှေပန်းတောတိုက်နယ် ဆေးရုံတွင် (၁၆၅၀)ဦး ၊ ဖန်းခါးစမ်း တိုက်နယ်ဆေးရုံတွင် (၆၇၀)ဦး၊ စိုင်ကောင်း အ.ထ.က (၁)တွင် (၆၃၅)ဦး စုစုပေါင်း(၅၀၆၈)ဦး ထိုးနှံပြီးစီးကြောင်းသိရသည်။
နတ်မောက်မြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ၊ သံဃာတော်များနှင့်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အခြားပုဂ္ဂလိကမှဝန်ထမ်းများ၊ ဟိုတယ်မိုတယ်မှ ဝန်ထမ်းများ၊ အကျဉ်း/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများ၊ Volunteer အဖွဲ့ဝင်များ၊ ဈေးသည်များနှင့် အသက် (၁၈) နှစ်အထက်ရှိ ပြည်သူများကို ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းဦးရေ( ၆၁၀၀ )ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
အဆိုပါ ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက် ထိုးနှံခဲ့သူများကို ယခုဒုတိယ အကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ဩဂုတ်(၂၉)ရက်နေ့မှ စက်တင်ဘာလ(၆)ရက်နေ့ အထိဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သင်းသင်းဝေ