ချောင်းဆုံ စက်တင်ဘာ ၆
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း၊ ပင်လယ်ကမ်းနားရွာရှိ လက်လုပ်လက်စား အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယမန်ရက်နေ့ ကချောင်းဆုံမြို့နယ် ဇီးကုန်းကျေးရွာရှိ အိမ်ထောင်စုဝင်များအား စားသောက်ကုန်နှင့် ငွေများကို မော်လမြိုင်မြို့နေ အလှူရှင် ဦးဉာဏ်လင်း၊ဒေါ်အေးသန်း၊ သား မောင်ထက်ပိုင်လင်း၊ မောင်ဝေဇင်လင်း(ဆန်းသစ်ဦး၊ စိန်ရွှေရတနာဆိုင်)မိသားစုတို့က သွားရောက်လှူဒါန်းခဲ့ကြသည်။
စားသောက်ကုန်များ လှူဒါန်းနိုင်ရန်အတွက် အလှူရှင်မိသားစုနှင့်အတူ မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ချောင်းဆုံမြို့နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ အမှုဆောင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က ကူညီဆောင်ရွက်ပေးကြပြီး၊ ဇီးကုန်းကျေးရွာရှိ အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်အိတ်(၁)အိတ်၊ ဆီ(၁)လီတာဘူး(၁)ဘူး၊ မာမားခေါက်ဆွဲထုပ် (၁၀)ထုပ်နှင့် ငွေ(၅၀၀၀)ကျပ်စီ ထောက်ပံ့လှူဒါန်းရာ အိမ်ထောင်စု(၁၉၀)စုအတွက် နေအိမ်အရောက် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ချောင်းဆုံ