သရက် စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သတ်မှတ်နေရာများ၌ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ရွှေသက်လွတ် ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ယနေ့ နံနက်(၉) နာရီက ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့သည်။
သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ဩဂုတ် ၂၉ ရက်နေ့မှ စတင်၍ ထိုးနှံပေးခဲ့ရာတွင် ပထအကြိမ်ဆေးထိုးနှံပြီးသူ (၆၄၂၁) ဦး တို့အား နံနက်၉ နာရီမှ ၁၂ နာရီနှင့် နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ကာကွယ်ဆေးထိုးရန် သတ်မှတ်နေရာ (၆) နေရာဖြစ်သော ရွှေသက်လွတ်ဘုရားဝန်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာ၊ တလပါးကျေးရွာ၊ အလပ်လယ်ကျေးရွာနှင့် ဘော်ကျေးရွာတို့တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထက်မြက်အောင်၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇော်ထက်